ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
မြန်မာနိုင်ငံ၏ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ဆုံးတွင် တည်ဆောက်နေသည့် ဖလမ်း(ဆူရ်ဘုန်) လေယာဉ်ကွင်း၏ မြေထိန်းနံရံတစ်ခုနှင့် ပြေးလမ်း ပေ ၃၀ တည်ဆောက်ခြင်း အပါအဝင် စီမံကိန်းလုပ်ငန်းများ၏ ရာခိုင်နှုန်း ၅၀ ခန့် ပြီးစီးနေပြီ ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် လေယာဉ်များ စတင် ဆင်းသက် အသုံးပြုနိုင်ရန် တည်ဆောက်နေကြောင်း လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။
“ဖလမ်း(ဆူရ်ဘုန်) လေယာဉ်ကွင်းသစ် တည်ဆောက်ရေး လုပ်ငန်းတွေအနေနဲ့ လက်ရှိအချိန်မှာ မြေထိန်းနံရံတစ်ခု တည်ဆောက်ပြီးစီးသွားပါပြီ။ စီမံကိန်းလုပ်ငန်း တစ်ခုလုံးရဲ့ ရာခိုင်နှုန်း ၅၀ နီးပါး ပြီးစီးနေပါပြီ။ ခုဆက်ပြီး ကျန်ရှိနေတဲ့ မြေထိန်းနံရံ တစ်ဖက်ကို စတင်တည်ဆောက်နေပါတယ်။ ၂၀၂၀ ခုနှစ်ကုန်ခါနီးလောက်မှာ လေယာဉ်များ စတင် ဆင်းသက်အသုံးပြုနိုင်ဖို့ တည်ဆောက်နေပါတယ်” ဟု လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက ပြောကြားခဲ့သည်။
လက်ရှိတွင် ဖလမ်း(ဆူရ်ဘုန်) လေယာဉ်ကွင်း၏ မြေထိန်းနံရံ တစ်ဖက် တည်ဆောက်ခြင်း၊ လေယာဉ်ပြေးလမ်း ပေ ၃၀ အထိ တည်ဆောက်ခြင်း၊ ပေ ၄ဝဝအထိ မြေဖျက်ခြင်းလုပ်ငန်းများ ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် ကုန်းလမ်းပို့ဆောင်ရေး လမ်းကြောင်းတစ်ခုတည်းကိုသာ အားထားနေရပြီး၊ မိုးရာသီကာလတွင် အချို့လမ်းပိုင်းနေရာများ၌ မြေပြိုမှုများကြောင့် ပို့ဆောင်ဆက်သွယ်ရေး ပြတ်တောက်မှုများ ဖြစ်ပေါ်ချိန်တွင် လွယ်ကူစွာ သွားလာနိုင်ရန် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မှ အဆိုပြု တင်ပြမှုနှင့် ချင်းပြည်နယ်မှ ပြည်သူလူထု၏ တောင်းဆိုမှုများကြောင့် ဖလမ်းမြို့တွင် လေယာဉ်ကွင်းသစ်တစ်ခု တည်ဆောက်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။
ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်းသစ်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၆၀၀၀ တွင် တည်ရှိပြီး၊ လေယာဉ်ပြေးလမ်း အလျား ပေ ၆၀၀၀၊ အကျယ် ပေ ၁၀၀၊ Flexible Pavement ပြေးလမ်း အမျိုးအစား ဖြစ်ပြီး၊ ပြေးလမ်း အရှိန်သတ်စွန်း over run အလျား ပေ ၂၀၀၊ အကျယ် ပေ ၁၀၀၊ လေယာဉ် ရပ်နားရာနေရာမှာ အလျား ပေ ၂၅၀၊ အကျယ် ပေ ၂၅ဝရှိပြီး ပြေးလမ်း ခံနိုင်ရည် ပေါင် ၅၀၀၀၀ ရှိကာ ATR 72(MTOW-49604) ပေါင် ဆင်းသက် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
Credit: Eleven Media Group