အက်ရှင်သရုပ်ဆောင်အဖြစ်လူသိများသည့် အော်စကာဆုရှင် ဒါရိုက်တာ မဲလ်ဂစ်ဘ်ဆင်သည် ကယ်လီဖိုးနီးယားပြည်နယ်ရှိ နေအိမ် ကို
ကန်ဒေါ်လာ ၂ ဒသမ ၁ သန်းဖြင့် အရောင်းဈေးကွက်တင်လာကြောင်း လော့စ်အိန်ဂျလိအခြေစိုက် အိမ်ခြံမြေသတင်း ဝက်ဘ်ဆိုက်
တစ်ခုတွင် ဖော်ပြသည်။
မဲလ်ဂစ်ဘ်ဆင်သည် ၁၉၉၆ ခုနှစ်တွင် ရိုက်ကူးခဲ့သည့် Braveheart ဇာတ်ကားဖြင့် အကောင်းဆုံးဒါရိုက်တာအဖြစ် အော်စကာဆုရရှိခဲ့ပြီး
၂၀၁၆ ခုနှစ်တွင် ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သည့် သမိုင်းဖြစ်ရပ်မှန်အခြေခံ Hacksaw Ridge ဇာတ်ကားသည် အကောင်းဆုံး အသံဆု နှင့်
အကောင်းဆုံးရုပ်ရှင်တည်းဖြတ်ဆုတို့ ရရှိခဲ့သည်။
မဲလ်ဂစ်ဘ်ဆင်ရောင်းချမည့်နေအိမ်မှာ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊
ရှားမန်းအုတ်ခ်အရပ်တွင် တည်ရှိသည်။
မစ္စတာဂစ်ဘ်ဆင်သည် ယင်းနေအိမ်ကို ၂၀၀၉ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၄ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ရာ အရှုံးခံ၍ ရောင်းချခြင်းလည်း ဖြစ်လေသည်။
၂၀၀၆ ခုနှစ်တွင်မှ ဆောက်လုပ်ခဲ့သည့်နေအိမ်ဖြစ်ပြီး ဆောက်လုပ်ပြီးနောက် ၃ နှစ်အကြာတွင် မစ္စတာဂစ်ဘ်ဆင်က ဝယ်ယူခဲ့ခြင်းလည်း ဖြစ်သည်။
အိပ်ခန်း ၄ ခန်း ၊ ရေချိုးခန်း ၄ ခန်းပါဝင်ပြီး ပရေးရီဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း အရောင်းဈေးကွက်တင်သည့်
ကုမ္ပဏီ Realty Executives က ထုတ်ဖော်ပြောကြားသည်။
ခြံအတွင်းတွင် ရေတံခွန်တစ်ခုပါဝင်ကာ ဆန်တာမိုနီကာ တောင်ခြေတွင် တည်ရှိသဖြင့် အေးချမ်းဆိတ်ငြိမ်စွာ နေထိုင်နိုင်မည့် ဝန်းကျင်လည်း ဖြစ်သည်။
အဆိုပါနေအိမ်သည် မစ္စတာဂစ်ဘ်ဆင်၏ဇနီးဟောင်း နေထိုင်ခဲ့ဖူးပြီး သူတို့နှစ်ဦးကြားသဘောတူညီချက်အရ သမီးဖြစ်သူ လူစီယာ ၁၈ နှစ်အရွယ်ရောက်ချိန်အထိ နေထိုင်ခွင့်ပေးရမည်ဟု
သဘောတူခဲ့ကြသည်။
မစ္စတာဂစ်ဘ်ဆင်သည် Agoura Hills ရှိ အိပ်ခန်းတစ်ခန်းပါ နေအိမ်တစ်လုံးကိုလည်း ကန်ဒေါ်လာ ၆၉၉၀၀၀ ခန့်ဖြင့် ရောင်းချရန် စာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်ရာ ယင်းနေအိမ်ရောင်းချမှုတွင်မူ များစွာအရှုံးပေါ်ခဲ့သည်ဟု ဆိုသည်။
Agoura Hills နေအိမ်ကို မစ္စတာဂစ်ဘ်ဆင်က ၂၀၀၇ ခုနှစ်အတွင် ကန်ဒေါ်လာ ၂ ဒသမ ၁၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ရာ
၁ ဒသမ ၄၅ သန်းကျော် အရှုံးပေါ်ခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)