Box office တွင် ကာလအတန်ကြာရပ်တည်ခဲ့သည့် Sweet Home Alabama ကို ရိုက်ကူးခဲ့သော ဟောလိဝုဒ်ဒါရိုက်တာ အင်ဒီ တန်းနန့်က ယူကလစ်ပင်ကြီးများ၏အလှကြောင့် ဝယ်ယူနေထိုင်ခဲ့သည့် လော့စ်အိန်ဂျလိရှိ နေအိမ်ကြီးကို ပြန်လည်ရောင်းချတော့မည် ဖြစ်ကြောင်း လော့စ်အိန်ဂျလိ အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
လော့စ်အိန်ဂျလိမြို့  Brentwood Park အရပ်ရှိ နေအိမ်ကို အင်ဒီက ကန်ဒေါ်လာ ၆ ဒသမ ၉ သန်းဈေးခေါ်ထားသည်။
အင်ဒီသည် ဝီလ်စမစ်ပါဝင်သရုပ်ဆောင်ထားသည့် Hitch နှင့် Sweet Home Alabama ၊Fool’s Gold ဇာတ်ကားများအပြင် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာရိုက်ကူးခဲ့သည့် ဒါရိုက်တာတစ်ဦး ဖြစ်သည်။
ယခုနေအိမ်ကို စပိန်ဗိသုကာဟန်ဖြင့် ၁၉၂၈ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည်။
ဒါရိုက်တာ အင်ဒီတန်းနန့်နှင့် ဇနီးဖြစ်သူ ရှာရွန်တို့သည် လွန်ခဲ့သော နှစ်ပေါင်း ၂၀ နီးပါးက လော့စ်အိန်ဂျလိတွင် နေအိမ်ရှာဖွေခဲ့စဉ် ဤနေအိမ်ကြီးကို တွေ့သောအခါ ချက်ချင်းနှစ်သက်သွားခဲ့ပြီး ဝယ်ယူနေထိုင်ခဲ့ကြသည်။
နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၅၅၄၀ ရှိပြီး ကျယ်ဝန်းသော ညစာစားခန်းနှင့် ခေတ်သစ်ဟန်မီးဖိုဆောင်တို့ပါဝင်ကာ အရောင်း ဈေးကွက်သို့ ရောက်ရှိနေသည်မှာ တစ်လကျော်ရှိပြီဖြစ်ကြောင်း အရောင်းဈေးကွက်တင်သည့် Partners Trust မှ အကျိုးဆောင် ဆူဇန် နီဝါ့သ်က ပြောကြားသည်။
ခြံဝန်းမှာ တစ်ဧကနီးပါးရှိပြီး ထူးခြားချက်မှာ ပေ ၃၀ ခန့် မြင့်မားသော ယူကလစ်ပင်ပေါင်း ၁၀၀ ခန့် ဝန်းပတ်ထားခြင်း ဖြစ်သည်။
ထိုနေအိမ်တွင် အမြတ်နိုးရဆုံးမှာ ယူကလစ်
ပင်ကြီးများဖြစ်ကြောင်းလည်း အင်ဒီက ပြောကြားသည်။
“ခြံနောက်ဘက်ကို သွားမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဂရစ်ဖစ်ပန်းခြံထဲရောက်သွားသလို ခံစားရမှာအမှန်ပါ” ဟု
အင်ဒီက ညွှန်းဆိုသည်။
နေအိမ်ကို ဝယ်ယူဖြစ်လိုက်သည့် အဓိကအကြောင်းရင်းမှာလည်း ယူကလစ်ပင်ကြီးများကို မြတ်နိုး၍ဖြစ်ကြောင်း အင်ဒီက ဆိုသည်။
အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၄ ခန်းပါဝင်သော ယင်းနေအိမ်ကို
၁၉၉၉ ခုနှစ်တွင် ကန်ဒေါ်လာ ၂ ဒသမ ၃၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ဝယ်ယူပြီးနောက်ပိုင်း မွမ်းမံအဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့သော်လည်း ရှေးဟောင်းအစိတ်အပိုင်းအများစုမှာမူ မူရင်းလက်ရာမပျက် ယနေ့တိုင်ထားရှိသည်။
သာဓကအားဖြင့် မူရင်း မီးလင်းဖိုနှင့် သံပန်းဂိတ်တံခါးများ၊
မှန်ပြတင်းများ ဖြစ်ကြသည်။
ခြံဝန်းနောက်ဘက်တွင် နှင်းဆီခြံနှင့် တင်းနစ်ကွင်းတို့လည်း
ပါဝင်သည်ကို တွေ့ရသည်။
အင်ဒီက သူ၏ရုပ်ရှင်ဇာတ်ကားများကို ကမ္ဘာအနှံ့အပြားတွင် သွားရောက်ရိုက်ကူးရသဖြင့် ၎င်းတို့မိသားစုမှာ ဂျစ်ပစီများသဖွယ် လှည့်လည်သွားလာနေကြရကြောင်း အင်ဒီက ပြောကြားသည်။
ဘရင့်ဝုဒ်ဝန်းကျင်တွင် ဤကဲ့သို့ ကျယ်ကျယ်ဝန်းဝန်းရှိကာ တမူထူးခြားသည့်နေအိမ်မျိုး ရှာရန်မလွယ်ကြောင်း မစ္စ နီဝါ့သ်က
ဆိုသည်။
ဤနေအိမ်ကြီးတွင် အင်ဒီတို့မိသားစုအတွက် အမှတ်ရဖွယ်များစွာလွှမ်းခြုံနေသော်လည်း ကလေးများမှာ
ကောလိပ်သို့ ရောက်ရှိနေပြီဖြစ် သောကြောင့် ယခုအခါ ရွှေ့ ပြောင်းရန် အချိန်ကျပြီဖြစ်ကြောင်း၊ မိမိတို့မှာ ဤနေအိမ်ကို မြတ်နိုးသော်လည်း အတွေ့အကြုံသစ်များ ရှာရမည့်ကာလသို့ ဆိုက်ရောက်လာပြီဖြစ်ကြောင်းလည်း အင်ဒီက
ဆက်လက်ပြောကြားခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)