ပြည်တွင်းငွေပေးချေမှုများတွင် ဒေါ်လာဖြင့်ပေးချေနေရမှုများကို အရေးယူရန် ဗဟိုဘဏ်ကပြင်ဆင်မှုများလုပ်နေပြီဖြစ်ကြောင်း
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ်
ဦးဝင်းသော်က မြန်မာတိုင်း(မ်)ကို ပြောသည်။
ပြည်တွင်းငွေပေးချေမှုများ ဆောင်ရွက်ရာတွင် မြန်မာကျပ်ငွေဖြင့်သာဆောင်ရွက်ရန်
ဗဟိုဘဏ်က ၂ဝ၁၅ ခုနှစ်၊ မေလတွင် တစ်ကြိမ်၊၂ဝ၁၆ ခုနှစ်ကုန်ပိုင်းတွင် တစ်ကြိမ် ညွှန်ကြားစာ နှစ်ကြိမ်ထုတ်ပြန်ခဲ့ပြီး ဖြစ်သော်လည်း လက်ရှိအချိန်အထိ နိုင်ငံခြားငွေသုံးစွဲမှုများရှိနေပြီး အရေးယူမှုအပိုင်းကို ဗဟိုဘဏ်ဘက်က ဆောင်ရွက်နိုင်ခြင်းမရှိသေးဟု
၎င်းက ပြောသည်။
ဟိုတယ်၊ စားသောက်ဆိုင်ကြီးများ၊ လေယာဉ်လက်မှတ် အေဂျင်စီများ၊ နိုင်ငံတကာစာသင်ကျောင်းများတွင် ကျသင့်နှုန်းထားများကို ကျပ်ငွေဖြင့် သတ်မှတ်ကာ ကျပ်ငွေဖြင့်ပေးချေရန်ညွှန်ကြားခဲ့ပြီး နိုင်ငံတကာနှင့် ကုန်သွယ်မှုဆောင်ရွက်သည့် ကိစ္စများအတွက်
ဘဏ်မှတစ်ဆင့် ကြားခံကာ ကျပ်ငွေပေးချေရန်အထိပါ အကျုံးဝင်မည်ဖြစ်သည်။
ပြည်တွင်း၌ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ကုန်ပစ္စည်းဝန်ဆောင်မှုများ၏ ကျသင့်ငွေများကို
နိုင်ငံခြားသုံးငွေဖြင့် ရယူပေးချေခြင်းကြောင့် ဒေါ်လာကျယ်ပြန့်စွာ သုံးစွဲမှုများဖြစ်စေပြီး
ဒေါ်လာလိုအပ်ချက်ပမာဏမြင့်မားလာစေကာ နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်ငြိမ်မှုကိုဖြစ်ပေါ်စေသည့် အကြောင်းများထဲတွင် ပါဝင်လျက်ရှိသည်။
လက်ရှိတွင် ပြည်တွင်းရှိ ပြည်ပ ခရီးသွားအေဂျင်စီများ ဒေါ်လာငွေဖြင့် ကောက်ခံနေမှုများသည်လည်း ကျပ်ငွေဖြင့်သာ ပေးချေရမည်ဖြစ်ပြီး အေဂျင်စီကသာ ဘဏ်တွင်သွားရောက် လဲလှယ်ရမည်ဖြစ်သည်။
အထူးသဖြင့် နိုင်ငံခြားမှ လာရောက်ဖွင့်လှစ်သည့် ကျောင်းများသည် ဒေါ်လာငွေဖြင့် တန်ဖိုးသတ်မှတ်၍ ဒေါ်လာဖြင့် တောင်းနေသောကြောင့် မလိုအပ်သော ဒေါ်လာငွေလိုအပ်ချက်ဖြစ်ပြီး ကျောင်းဖွင့်ချိန်တွင် ဒေါ်လာဈေးတက်သည့် သာဓကများရှိခဲ့ကြောင်း၊
ယင်းကိစ္စနှင့်ပတ်သက်၍ နိုင်ငံခြားကျောင်းများအနေဖြင့် ကျောင်းစရိတ်၊ ကျောင်းလခ၊ကျောင်းဝင်ကြေးများကို ကျပ်ငွေဖြင့်သာဖော်ပြ၍ သတ်မှတ်ကောက်ခံရန်၊ အကယ်၍မြန်မာကျပ်ငွေဖြင့် သတ်မှတ်ကောက်ခံခြင်းညွှန်ကြားချက်ကို လိုက်နာခြင်းမရှိပါက အရေးယူမှုအပိုင်းကို ဥပဒေအရ ဗဟိုဘဏ်က တိုက်ရိုက်ဆောင်ရွက်၍ မရသည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ဦးဝင်းသော်က
ပြောသည်။
ဗဟိုဘဏ်က လက်ရှိအချိန်အထိ အရေးယူမှု မလုပ်ဆောင်နိုင်သေးသည်နှင့် ပတ်သက်၍ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌဒေါက်တာ
မောင်မောင်လေးက ''ဒါကိုတစ်စိုက်မတ်မတ်နဲ့ အရေးယူပြီး လုပ်သွားမယ်ဆိုရင် လိုအပ်သလို ပုံဖော်လို့ရပါတယ်။ လိုအပ်သလို ပုံစံသွင်းလို့ရပါတယ်။ တစ်ခါတလေလုပ်ပြီးရင် မေ့သွားတာတွေ၊ ဥပဒေကို ပြန်ပြီး မကိုင်တွယ်တာတွေ၊ လျော့ရိ လျော့ရဲကိုင်တွယ်တာ
လေးတွေကြောင့် ဖြစ်တာပါ''ဟု သုံးသပ်ပြောဆိုသည်။
ပြည်တွင်းခရီးသွားကဏ္ဍတွင် ခရီးသွားခြင်းများအတွက် နေထိုင်စားသောက်စရိတ်အားလုံးကို ကျပ်ငွေဖြင့်သာဖော်ပြခြင်း၊ သုံးစွဲခြင်းများ ပိုမိုလုပ်ဆောင်နေရာ ယခင်ကထက်ကျယ်ပြန့်လာကြောင်း၊ သို့သော် အချို့မှာအခက်အခဲ ရှိနေသေးကြောင်းလည်း မြန်မာနိုင်ငံ
ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဦးခင်အောင်ထွန်းက ပြောသည်။
ထို့ပြင် နိုင်ငံခြားသားများသည် မြန်မာနိုင်ငံအတွင်း လည်ပတ်ရန်အတွက် ယူဆောင်လာသည်မှာ နိုင်ငံခြားငွေသာဖြစ်ပြီး ၄င်းတို့နိုင်ငံဘဏ်တွင် လုပ်ထားသည့် Credit ကတ်၊Visa ကတ်များ ကျယ်ပြန့်စွာသုံးစွဲလာမှုကြောင့် နိုင်ငံခြားသားများက ဒေါ်လာငွေပေးချေမှု
များကို ရှောင်လွှဲ၍မရကြောင်း၊ ယင်းဒေါ်လာငွေများသည်လည်း နိုင်ငံ၏ပုဂ္ဂလိကဘဏ်ထဲသို့ ဝင်ရောက်သွားခြင်းကြောင့် နိုင်ငံတော်ဝင်ငွေ ဖြစ်သွားသည်ဟု ၄င်းက ပြောသည်။
'' လုပ်ငန်းရှင်တွေရဲ့ တကယ့်အခက်အခဲ တွေ၊ လက်တွေ့လုပ်ရတာတွေလည်း သိဖို့လို
တယ်။ တကယ့်လက်တွေ့မှာ ဖြစ်ပျက်နေတာတွေကို ရှောင်လွှဲလို့မရတဲ့ကိစ္စတွေရှိတယ်။
ဒါတော့ ဒီလိုအချိန်မှာ ဆက်ရှိနေဦးမှာပဲ။ ရုတ်တရက် ပျောက်သွားလို့ မရဘူး။ အချိန်အတိုင်းအတာတစ်ခု လိုသေးတယ်။ ကိုယ့်ငွေကို လူတွေယုံကြည်မှု ပိုရှိလာအောင်၊အဓိကက တည်ငြိမ်ဖို့ အရမ်းအရေးကြီးတယ်''ဟု ၄င်းက ပြောသည်။
Credit: Myanmar Times