ရန်ကုန်မြို့တော် ပိုမိုဖွံ့ဖြိုးရေးအတွက် မြို့သစ်စီမံကိန်းကို ခြေလှမ်းပြင်ဆင်လုပ်ဆောင်ရ
တော့မည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းကပြောသည်။
''ရန်ကုန်မြို့တော်ကြီးကို ပိုမိုဖွံ့ဖြိုးတိုးတက်တဲ့ မြို့တော်ကြီးဖြစ်လာဖို့ လက်ရှိ ရှိနေတဲ့ စီးပွားရေးမြို့တော်ကိုပဲ ဖွံ့ဖြိုးတိုးတက်အောင် လုပ်မလား၊ မြို့သစ်တစ်ခုထူထောင်မလား
ဆိုတာ စဉ်းစားရတဲ့ကိစ္စပါ။ ကျွန်တော်တို့မြို့သစ်ကို သွားကိုသွားရမယ်။ ကျွန်တော်တို့ရဲ့ပြည်ထောင်စုအဆင့် ကြီးမားတဲ့စီမံကိန်းကြီးပါ''ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ဇွန် ၆ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သော မြန်မာ့ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် အထက်ပါအတိုင်း ပြောခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့သော စီမံကိန်းအစီအစဉ်များ ရှိနေခြင်းကြောင့် ပြည်တွင်းလုပ်ငန်းရှင်များနှင့် တစ်ဖွဲ့ချင်းဖြစ်စေ၊ လုပ်ငန်းရှင်များ ပူးပေါင်း၍ဖြစ်စေ၊ နိုင်ငံတကာလုပ်ငန်းရှင်များနှင့်
ပေါင်းစပ်၍ဖြစ်စေ လုပ်ဆောင်ရန် လုပ်ငန်းများစွာ ရှိနေသည်ဟုလည်း ထပ်မံပြောသည်။
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတက်ရေးလုပ်ဆောင်ရာတွင် အခြေခံအဆောက်အအုံပိုင်းဖွံ့ဖြိုးရေး
လိုအပ်ချက် ကြီးမားနေသည်ဟုလည်း နိုင်ငံတော်ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောသည်။
ထို့အတွက် အစိုးရတစ်ခုတည်းမဟုတ်ဘဲ ပုဂ္ဂလိကကဏ္ဍကလည်း ပါဝင်ရန် များစွာလိုအပ်နေသည်ဟု ၄င်းက ဆက်လက်ပြောသည်။
''ဖွံဖြိုးတိုးတက်ဖို့ လုပ်ဆောင်တဲ့နေရာမှာ နိုင်ငံတကာအဖွဲ့တွေရဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ၂ဝ၃ဝ ပြည့်နှစ်အထိ ရင်းနှီးမြှုပ်နှံမှုပမာကန်ဒေါ်လာ ၆၅ဝ ဘီလျံလိုအပ်တယ်။ အခြေခံအဆောက်အအုံပိုင်း ဖွံ့ဖြိုးတိုးတက်ရေး
ဖြည့်တင်းဖို့က ကန်ဒေါ်လာ ၃၂ဝ ဘီလျံလိုအပ်တယ်။ ဒါတွေဖြစ်ဖို့ဆိုရင် အစိုးရနဲ့ပုဂ္ဂလိကကဏ္ဍပူးပေါင်းတဲ့စနစ်နဲ့ သွားဖို့လိုပါလိမ့်မယ်''ဟု ဒုတိယသမ္မတက ပြောသည်။
နိုင်ငံ၏လူဦးရေတိုးတက်မှုနှုန်းတွင် မြို့ပြလူဦးရေတိုးမှုနှုန်းသည် ပိုမိုမြင့်မားလာခြင်းကြောင့် လူဦးရေသိပ်သည်းမှုနှုန်းကို လျှော့ချရန် အစီအစဉ်များဆောင်ရွက်ရန် လိုအပ်ချက်
ရှိနေသည်ဟုလည်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး
ဒေါ်မိုးသီတာက ပြောသည်။ သို့ရာတွင် ထိုကဲ့သို့ မြို့သစ်စီမံကိန်းဖြင့် ဖြေရှင်းမည်ဆိုပါကအငြင်းပွားဖွယ်အခြေအနေများ ရှိလာနိုင်ကြောင်း ၄င်းက ပြောသည်။
မြန်မာနိုင်ငံ၏ လူဦးရေတိုးတက်မှုနှုန်းသည် ၃ ဒသမ ၁ ရှိသည့်အထဲတွင် မြို့ပြလူဦးရေတိုးတက်နှုန်းမှာ ၂ ဒသမ ၉ ရှိသည့်အတွက် လူဦးရေတိုးတက်နှုန်းတွင် မြို့ပြက
အရမ်းများပြားလာလျက်ရှိကြောင်း၊ လာမည့် နှစ် ၂ဝ ခန့်တွင် မြို့ပြလူဦးရေတိုးနှုန်းသည်
၂ဝ ရာခိုင်နှုန်းလောက်ထိ ရှိလာမည်ဖြစ်ကြောင်း ဒေါ်မိုးသီတာက ပြောသည်။
''ရန်ကုန်ရဲ့ လူဦးရေ သိပ်သည်းနှုန်းကလည်း မြင့်တယ်။ အဲဒီလိုအချိန်မှာ မြို့သစ်စီမံကိန်းက လူဦးရေသိပ်သည်းမှုကို လျှော့ချဖို့ အဖြေတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ လူထုရဲ့ အမြင်နဲ့ ရင်းနှီးမြှုပ်နှံသူရဲ့အမြင်က အငြင်းပွားဖွယ် ဖြစ်လာစရာတော့ရှိတယ်။ ရန်ကုန်
လူထုက လက်ခံနိုင်မလားဆိုတာနဲ့ အိမ်ခြံမြေ ဈေးနှုန်းဆိုင်ရာတွေကြောင့် အငြင်းပွားစရာတွေတော့ရှိတယ်။ ဆိုတော့ စီးပွားရေးတည်ငြိမ်ပြီးလောက်တဲ့ နောက်ထပ် ၁ဝ နှစ်
လောက်မှသာ ဆောင်ရွက်တာက ပိုပြီးသင့်တော်မယ်လို့လည်း ထင်တယ်''ဟု ဒုတိယညွှန်ကြားရေးမှူးက ပြောသည်။
''တကယ်တမ်း အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးကိုလုပ်မယ်ဆိုရင် မန္တလေးနဲ့ ရန်ကုန်လို တစ်ဦးချင်းဝင်ငွေလည်းများတဲ့ နေရာမှာဆိုရင် ပိုပြီးသင့်တော်တယ်'' ဟုလည်း
၎င်းက ဆက်လက်ပြောသည်။
အစိုးရအဖွဲ့သည် ပြည်တွင်းကုန်ထုတ်လုပ်မှုများ မြင့်တက်လာရန်အတွက် စက်မှုဇုန်များနှင့် အထူးစီးပွားရေးဇုန်များကို ဖော်ဆောင်မည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကပြောထားသည်။ ယခင် ဦးသိန်းစိန်အစိုးရလက်ထက်ကလည်း ရန်ကုန်မြို့ ကြည့်မြင်တိုင်
မြို့နယ်အတွင်း ရန်ကုန်မြို့သစ်စီမံကိန်းကို ဖော်ဆောင်ရန် ဆောင်ရွက်ထားခဲ့ကြသည်။
Credit: Myanmar Times