ဗြိတိန်နိုင်ငံတွင် ၇ နှစ်တာကာလအတွင်း အိမ်ငှားဈေးများ ပထမဆုံးအကြိမ်အဖြစ် ထိုးကျသွားကြောင်း လန်ဒန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဗြိတိန်တွင် နေအိမ်ဈေးနှုန်းများလည်း ကျဆင်းလျက်ရှိနေပြီး
အိမ်ငှားဈေး ကျဆင်းမှုတွင် လန်ဒန်မှာ အဆိုးရွားဆုံးဖြစ်သည်ဟု
ဆိုသည်။အိမ်ငှားဈေးကျဆင်းမှုမှာ ပြီးခဲ့သော မေလတွင်
စတင်ခဲ့ခြင်းဖြစ်ပြီး ၀ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းသွားသည်ဟု ဆိုသည်။
လန်ဒန်တွင်မူ အိမ်ငှားဈေးကျဆင်းမှုမှာ အဆိုးရွားဆုံးဖြစ်ပြီး ၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်။
ယခင်က လန်ဒန်တွင် တစ်လလျှင် အိမ်ငှားခ ၁၅၇၂ ပေါင်ရှိသော နေအိမ်ခန်းမှာ ပြီးခဲ့သော မေလတွင် ၁၅၀၂ ပေါင်သာ ဈေးပေါက်ခဲ့သည်။
ထို့ကြောင့် လန်ဒန်တွင် အိမ်ငှားသူတို့သည် ယခင်က အိမ်လခအောက် ပေါင် ၇၀ ခန့် ငွေပေးချေရမှု လျော့နည်းသွားခဲ့သည်။
အင်္ဂလန် အရှေ့ မြောက်ပိုင်း၊ အရှေ့ တောင်ပိုင်း၊ စကော့တလန်၊ ယော့ခ်ရှိုင်းယားနှင့် ဟမ်ဘာဆိုက်တို့တွင်လည်း အိမ်ငှားဈေးများ ၀ ဒသမ ၆ ရာခိုင်နှုန်းမှ ၂ ဒသမ ၃ ရာခိုင်နှုန်းအထိ ကျဆင်းလျက်ရှိနေသည်။
ယခုနှစ်ဧပြီလအထိ အိမ်ငှားဈေးကွက်အခြေအနေကို ကြည့်မည်ဆိုလျှင် အိမ်ငှားတို့သည် လန်ဒန်မြို့ တော်တွင် အိမ်ငှားရန် မစဉ်းစားကြတော့ဘဲ အခြားမြို့ ကြီးများကိုသာ စဉ်းစားခဲ့ကြသည်။
အဓိကအကြောင်းရင်းမှာ ဥရောပသမဂ္ဂမှ ဗြိတိန်နှုတ်ထွက်ရေးအတွက် ဆန္ဒခံယူပွဲ မဲရလဒ်ကြောင့် ဖြစ်သည်ဟု ဆိုသည်။
အခြားအကြောင်းရင်းတစ်ခုမှာ ဗြိတိန်တွင် အိမ်ခြံမြေအရောင်းဈေးကွက်မကောင်းသဖြင့် အိမ်ပိုင်ရှင်တို့သည် ရောင်းရန်ထက် ငှားရန်သာ ဆုံးဖြတ်ကြခြင်းကြောင့် အငှားဈေးကွက်ကျဆင်းသွားခဲ့ခြင်းဖြစ်သည်ဟုလည်း သုံးသပ်ကြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)