တရုတ်အခြေစိုက် လူသိနည်းပါးသည့် ကုမ္ပဏီတစ်ခုဖြစ်သော ရှန်ဟိုင်းယူနိုက်တက်သည် သြစတေးလျနိုင်ငံ၏ အိမ်ခြံမြေကဏ္ဍတွင် သြစတေးလျဒေါ်လာ တစ်ဘီလီယံခန့်အထိ ရင်းနှီးမြှုပ်နှံသွားရန် စီစဉ်လျက်ရှိကြောင်း မဲလ်ဘုန်းအခြေစိုက် အိမ်ခြံမြေသတင်း ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါရင်းနှီးမြှုပ်နှံမှုကြောင့် သြစတေးလျမြို့ ကြီးများတွင် အိမ်ခြံမြေပူဖောင်းပေါက်ကွဲမှု ပေါ်ပေါက်လာနိုင်ကြောင်းလည်း သုံးသပ်မှုများ ရှိနေသည်။
လွန်ခဲ့သော လအတွင်းကပင် ရှန်ဟိုင်းယူနိုက်တက်သည် ဆစ်ဒနီမြို့ ၊ ဒပ်ဘယ်လ်ဘေးရှိ interContinental ဟိုတယ်ကို သြစတေးလျဒေါ်လာ သန်း ၁၃၀ ဖြင့် ဝယ်ယူခဲ့ပြီးနောက် ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်၍အလုံးအရင်းပြုလုပ်သွားရန် စီစဉ်လာခြင်းလည်း ဖြစ်သည်။
ဒပ်ဘယ်လ်ဘေးသည် INXS မှ အဆိုတော် မိုက်ကယ် ဟတ်ချန့်စ် ၁၉၉၇ ခုနှစ်အတွင်း သေဆုံးခဲ့သည့်နေရာအဖြစ် လူသိများ ကျော်ကြားသည်။
တရုတ်ပြည်တွင်းတွင် အိမ်ခြံမြေဈေးကွက်အခြေအနေမကောင်းလှရာ ပြည်မကြီးအခြေစိုက် developer များစွာသည် ပြည်ပသို့ ခြေဆန့်လာကြရာတွင် ရှန်ဟိုင်းယူနိုက်တက်မှာ နောက်ဆုံးပါဝင်လာခြင်းလည်း ဖြစ်သည်။
“ပေကျင်းနဲ့ ရှန်ဟိုင်းမှာက မြေဈေးတွေ အရမ်းကြီးနေတော့ developer တွေအတွက် မြေအတွက်ပေးလိုက်ရတဲ့ ငွေပမာဏဟာ နေအိမ်ခန်းတွေ ပြန်ရောင်းလို့ရတဲ့ငွေနီးပါးဖြစ်နေတာမျိုး ကြုံလာရတယ်” ဟု ရှန်ဟိုင်းယူနိုက်တက်မှ အမှုဆောင်အရာရှိချုပ် ယန်ဒေါင်းရှူက ပြောကြားသည်။
ရှန်ဟိုင်းယူနိုက်တက်သည် သြစတေးလျနိုင်ငံတစ်ဝန်းရှိ လူနေနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဆောက်လုပ်ရေးစီမံကိန်းများတွင် သြစတေးလျဒေါ်လာ သန်း ၆၀၀ ခန့် ရင်းနှီးမြှုပ်နှံထားခဲ့ပြီးဖြစ်ပြီး လာမည့် ဆယ်စုနှစ်တွင်လည်း တစ်ဘီလီယံခန့် အနည်းဆုံး ရင်းနှီးမြှုပ်နှံသွားရန် စီစဉ်လျက်ရှိခြင်းဖြစ်ကြောင်း မစ္စတာ ယန်ဒေါင်းရှူက ဆက်လက်ပြောကြားသည်။
ရှန်ဟိုင်းယူနိုက်တက်ကို တရုတ် developer ကုမ္ပဏီငယ် ၁၀
ခုပေါင်းစည်းကာ ၂၀၁၅ ခုနှစ်တွင် ကနဦးရင်းနှီးထည့်ဝင်ငွေ
ယွမ် သန်း ၁၀၀ ဖြင့် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)