လျှပ်စစ်မီးအခက်အခဲ ရှိနေဆဲဖြစ်သော်လည်း ဝယ်လိုအား လိုအပ်ချက်အရ သီလဝါအထူးစီးပွားရေးဇုန်၏ ဇုန်ဘီ မြေယာရောင်းချမှု အပိုင်းကို အမြန်ဆုံး လုပ်ဆောင်သွားမည်ဟုမြန်မာ–ဂျပန်သီလဝါ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက်ဥက္ကဋ္ဌ မစ္စတာ တာကာရှီ ရာနာဘီ(Mr Takashi Yanai)
က ပြောသည်။
သီလဝါ အထူးစီးပွားရေးဇုန်သည် ဇုန်အေ အပိုင်းတည်ဆောက်မှုနှင့် မြေယာရောင်းချမှု အပိုင်ကို ၉၅ ရာခိုင်နှုန်းပြီးစီးကာ ဒုတိယစီမံကိန်းကို မြေယာရောင်းချနိုင်ရန်ဆောင်ရွက်
နေခြင်းလည်းဖြစ်သည်။
သို့ရာတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် လျှပ်စစ်မီးကဲ့သို့ အခက်အခဲများရှိနေကြောင်း ၄င်းက ပြောသည်။
''အခက်အခဲအနေနဲ့ဆိုရင်တော့ လျှပ်စစ်မီးလို ကိစ္စမျိုး ရှိပါတယ်။ လျှပ်စစ်မီးမတည်ငြိမ်တာတွေက ဖြစ်နေဆဲပါ။ ဒါပေမဲ့ အစိုးရပိုင်းကလည်း အကောင်းဆုံး ကူညီပေးနေတဲ့အတွက် ပိုကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။ အဲဒါကြောင့် ပူးပေါင်းဖြေရှင်းသွားနိုင်တဲ့
အခက်အခဲလို့တော့ မြင်ပါတယ်။ ဇုန်ဘီရဲ့မြေယာရောင်းချမှု အပိုင်းကတော့ ဝယ်လိုအားအပေါ်မူတည်ပြီး အမြန်ဆုံးရောင်းချနိုင်ဖို့လုပ်ဆောင်သွားမှာပါ''
ဟု ၄င်းက ပြောသည်။
သီလဝါအထူးစီးပွားရေးဇုန်၏ ဇုန်ဘီမြေဟက်တာသည် ၂,ဝဝဝ ရှိပြီး ၄င်းအနက် မြေ ၁ဝ၁ ဟက်တာရှိ ပထမအဆင့် စီမံကိန်းစတင်ရန်
ဖေဖော်ဝါရီ ၂၄ ရက်က စတင်ဆောင်ရွက်ခဲ့သည်။
''သီလဝါမှာ ရင်းနှီးမြှုပ်နှံသူတွေက မီးရရှိမှု အပိုင်းကိုတော့ အများဆုံး မေးကြပါတယ်။လောလောဆယ်မှာ အခက်အခဲ ဖြစ်နေပေမဲ့အကောင်းဆုံး ဖြစ်လာမှာပါ ''ဟု မစ္စတာ တာကာရှီရာနာအီ (Mr Takashi Yanai)
က ထပ်မံ ပြောသည်။
သီလဝါ၏ ပထမ စီမံကိန်းဇုန်အေတွင် ကုမ္ပဏီပေါင်း ၈၂ ခု၏ ရင်းနှီးမြှုပ်နှံမှုဝင်ရောက်ထားပြီး ကုမ္ပဏီ ၆၆ ခုက တည်ဆောက်ရေးလုပ်ငန်းများကို စတင်နေလျက်ရှိသည်။
ယင်းအနက် ကုမ္ပဏီပေါင်း ၃၃ ခုသည် ကုန်ထုတ်လုပ်မှု လည်ပတ်နိုင်နေသည့်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်ဟုလည်း
၎င်းက ပြောသည်။ ရင်းနှီးမြှုပ်နှံမှုအနေဖြင့်လည်း ကန်ဒေါ်လာတစ်ဘီလျံကျော် ဝင်ရောက်ထားသည်။
မြန်မာနိုင်ငံရှိ ထားဝယ်၊ ကျောက်ဖြူနှင့်သီလဝါစသည့် အထူးစီးပွားရေးဇုန်များအနက်
သီလဝါသည် လုပ်ငန်းအကောင်အထည်ပေါ်မှု အမြန်ဆုံး
ဇုန်တစ်ခုအဖြစ် ရှိနေသည်။
သို့ရာတွင် မြန်မာနိုင်ငံအနေဖြင့် ကုန်ထုတ်လုပ်ပိုင်းတွင် အားနည်းနေခြင်းကြောင့် ရန်ကုန်မြို့၌ အထူးစီးပွားရေးဇုန်တစ်ခုကိုထပ်မံအကောင်အထည်ဖော်လုပ်ဆောင်မည်ဟု
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောထားသည်။
ထို့အတူ မြန်မာတစ်နိုင်ငံလုံးရှိ စက်မှုဇုန် ၂၉ ဇုန်ကိုလည်း အဆင့်မြှင့်တင်မှုများ ပြန်လည် လုပ်ဆောင်သွားမည်ကြောင်း ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ်က ပြောထားသည်။
Credit: Myanmar Times