တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၏ ပြီးခဲ့သည့်လ (၂၀၁၇ မေ) က အိမ်သစ်ဈေးကွက်သည်
အသက်ဝင်ဆဲ တင်းကျပ်သော အိမ်ခြံမြေစည်းမျဉ်းများကြောင့် ဆက်လက်ထိုင်းမှိုင်းခဲ့သည်။
အစိုးရ မတည်သော တန်ဖိုးနည်းအိမ်ရာများမှအပ
ယခုနှစ်မေအတွင်း အိမ်သစ်ဧရိယာ၇၁၀,၀၀၀ စတုရန်းမီတာခန့် ရှိခဲ့ပြီး ဧပြီကထက် ၄ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ သို့သော်လည်း ယမန်နှစ်မေအောက် ၂၈ ဒသမ ၁ ရာခိုင်နှုန်းပင် တစ်ဟုန်းထိုး ကျဆင်း
ခဲ့ခြင်းဖြစ်ကြောင်း ရှန်ဟိုင်းအိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ Shanghai Centaline Property Consultants Co က ဇွန် ၁ တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
"တင်းကျပ်လိုက်တဲ့ အိမ်ခြံမြေစည်းမျဉ်းတွေကြောင့် ၀ယ်လက်တွေက စောင့်ကြည့်မူဝါဒကို ကိုင်စွဲထားခဲ့တာမို့ အရောင်းအ၀ယ်ကျဆင်းခဲ့တာပါ"
ဟု Centaline ၏ အကြီးတန်းသုတေသနမန်နေဂျာ လုဝိန်စီက ပြောကြားခဲ့သည်။
Developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချရေးကုမ္ပဏီ) များ အနေဖြင့် ရောင်းချရာတွင် ဈေးလျှော့ရောင်းခြင်းသာမက အခြားစိတ်ဝင်စားဖွယ်
မက်လုံးများကို ထည့်သွင်းသင့်ကြောင်းလည်း သူက ပြောကြားခဲ့သည်။
မေလအတွင်း အိမ်သစ်များကို ၁ စတုရန်းမီတာလျှင်
ပျမ်းမျှ ၄၈,၃၁၂ ယွမ် (အမေရိကန်
ဒေါ်လာ ၇,၀၉၃) ဖြင့် ရောင်းချခဲ့ရကြောင်း၊
ဧပြီထက် ၂ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့
ကြောင်းလည်း Centaline ၏ အစီရင်ခံစာအရ သိရသည်။
အခန်း ၄၄၀ ကို ၁ စတုရန်းမီတာလျှင် ပျမ်းမျှ ရောင်းဈေး ယွမ် ၉ သောင်းကျော်ဖြင့် ရောင်းချခဲ့ရသည့် လျန်ကန်အိမ်ရာစီမံကိန်း
(နန်ဟွေခရိုင်မှ) က မေလအတွင်းရောင်းအားအကောင်းဆုံးဖြစ်ခဲ့သည်။
ရောင်းလိုအားသည်လည်း ၄၄၆,၀၀၀ စတုရန်းမီတာခန့်သာ ရှိခဲ့ပြီး ဧပြီအောက်၂၂ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊
ယမန်နှစ်မေအောက်မူ ၆၄ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းလည်း Centaline က ထုတ်ပြန်ခဲ့သည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com