ကမ္ဘောဒီးယားနိုင်ငံ၊ အန်လောင်ဘန်ခရိုင်တွင် ဒေသတွင်းအာဏာပိုင်
တို့က သီးနှံများစိုက်ခင်းများကို မြေတူးစက်ဖြင့် ဖျက်ဆီးကာ မြေယာသိမ်းဆည်းခံရသူများက နိုင်ငံတော်အဆင့်
ဖြေရှင်းပေးရန် တောင်းဆိုမှုပြုလုပ်ခဲ့ကြကြောင်း
ဖနွမ်းပင်အခြေစိုက် အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက်တစ်ခု
တွင် ဖော်ပြသည်။
မြေယာသိမ်းဆည်းခံရသူများအနက် အိမ်ထောင်စု ၂၅ ခုက ၎င်းတို့အားအမည်ပေါက်ပိုင်ဆိုင်ခွင့်ပေးပါရန် ကမ္ဘောဒီးယား အမျိုးသားညီလာခံသို့ အသနားခံစာတင်သွင်းခဲ့ကြခြင်း ဖြစ်သည်။
ကျေးရွာကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဆက်ဘိုရက်သ်က ပြောကြားရာတွင် အဆိုပါဒေသတွင် အိမ်ခြေ ၁၀၀ ကျော် နေထိုင်ခဲ့ကြပြီး အငြင်းပွားမြေယာများတွင် မိသားစုတစ်စုချင်းသည် ၁ ဒသမ ၅ ဟက်တာမှ
၅ ဟက်တာအကြား ပိုင်ဆိုင်လုပ်ကိုင်ခဲ့ကြကြောင်း ပြောကြားသည်။
ခရိုင်အာဏာပိုင်တို့က သိမ်းဆည်းလိုက်သည့်မြေယာများအတွက် လျော်ကြေးအဖြစ် မိသားစုတစ်စုလျှင် စတုရန်းမီတာ ၁၆၀၀ ရှိ
မြေနေရာ ပြန်လည်ပေးအပ်သော်လည်း မိသားစု ၂၅ ခုက
ငြင်းပယ်ခဲ့ကြခြင်းဖြစ်ကြောင်း ဘိုရက်သ်က ပြောကြားသည်။
အန်လောင်ဘန်ခရိုင် အုပ်ချုပ်ရေးအဖွဲ့အကြီးအကဲ ငုအွန်လင်းက ပြောကြားရာတွင် အငြင်းပွားမှုပေါ်ပေါက်ရခြင်းမှာ ကျေးရွာသားများသည် နိုင်ငံပိုင်မြေပေါ်တွင် တရားမဝင်နေထိုင်ခဲ့ကြ၍ဖြစ်ကြောင်း ပြောကြားသည်။
“အငြင်းပွားနေရမှုမျိုးကို ကျွန်တော်တို့ မလိုလားပါဘူး။ ဒါကြောင့် သူတို့ကို မြေကွက်တွေ အစားပေးဖို့ စီစဉ်ခဲ့ပြီး ဖြစ်ပါတယ်” ဟု ငုအွန်လင်းက ပြောကြားသည်။
အန်လောင်ဘန်ကျေးရွာအုပ်စုအကြီးအကဲ ဗောင်ဖက်ကမူ အငြင်းပွားမှုဖြစ်ပွားသည့် မိသားစုမှာ ၃၅ ခုဖြစ်ကြောင်း ပြောကြားခဲ့ပြီး “သူတို့က ဒီပြဿနာကို နိုင်ငံတော်အဆင့်က
ဖြေရှင်းပေးစေချင်နေကြတယ်” ဟု ဖြည့်စွက်ပြောကြားသည်။
Adhoc မှ ခရိုင်ညှိနှိုင်းရေးမှူး ဆရေး နာရန်ကမူ ရွာသားများသည် နိုင်ငံတော်ပိုင်မြေပေါ်တွင် အခြေချနေထိုင်ခဲ့ကြဖွယ်ရှိသည်ဆိုခြင်းကို အသိအမှတ်ပြုကြောင်း၊ သို့ရာတွင် ဒေသတွင်း အာဏာပိုင်တို့၏
ချဉ်းကပ်ပုံနှင့် စပ်လျဉ်း၍ သဘောမတူကြောင်း ပြောကြားသည်။
အာဏာပိုင်တို့အနေဖြင့် ရွာသားများ နှစ်ပေါင်းများစွာအခြေချ နေထိုင်လာခဲ့ကြပြီးဖြစ်သည့် မြေပေါ်တွင် နေထိုင်ခွင့်ပေး
သင့်ကြောင်း နာရန်က ဆိုသည်။
“အာဏာပိုင်တွေအနေနဲ့ သူတို့ရဲ့ မြေယာတွေကို သိမ်းဆည်းမယ်
ဆိုရင်ဒါက တရားမျှတမှုမရှိပါဘူး” ဟုလည်း နာရန်က ဆက်လက်ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)