တရုတ်နိုင်ငံ၊ ရှန်ဟိုင်းအခြေစိုက် Shanghai United အိမ်ခြံမြေရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီသည် သြစတေးလျနိုင်ငံ၊ ဆစ်ဒနီရှိ အခန်း ၁၄၀ ပါ Intercontinental ဟိုတယ်ကို စင်္ကာပူပိုင်ရှင်များလက်မှ သြစတေးလျဒေါ်လာ
သန်း ၁၄၀ (ကန်ဒေါ်လာ ၁၀၄ သန်း) ဖြင့် ဝယ်ယူနိုင်ရန် နီးစပ်နေပြီ ဖြစ်ကြောင်း သြစတေးလျအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်
တစ်ခုတွင် ဖော်ပြသည်။
Shanghai United အိမ်ခြံမြေရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီသည် ၂၀၁၅ ခုနှစ်တွင် ရှန်ဟိုင်းရှိ လွတ်လပ်စွာကုန်သွယ်မှုဇုန်တွင် စတင်တည်ထောင်ခဲ့ခြင်း
ဖြစ်ပြီး သြစတေးလျတွင် ဆောက်လုပ်ရေးစီမံကိန်း ၅ ခုအကောင်အထည်ဖော်ခဲ့ပြီးဖြစ်သည့်အပြင်
တောင်ကိုရီးယားတွင်လည်း အပန်းဖြေစခန်းတစ်ခု
ဆောက်လုပ်ခဲ့ပြီး ဖြစ်သည်။
Shanghai United (上海连合房地产投资有限公司) က ယခုကဲ့သို့ ဝယ်ယူလိုက်ခြင်းမှာ စင်္ကာပူအခြေစိုက် Royal Group ကုမ္ပဏီအတွက် ထွက်ပေါက်ရသွားသကဲ့သို့ ဖြစ်သည်။
Royal Group ကုမ္ပဏီသည် ၂၀၁၃ ခုနှစ်အတွင်း ဆစ်ဒနီရှိ Ritz Carlton ဟိုတယ်ဟောင်းကို သြစတေးလျဒေါ်လာ သန်း ၆၀ ဖြင့် ဝယ်ယူခဲ့သည်။
အဆိုပါဟိုတယ်သည် ၎င်းတို့မဝယ်ယူမီအထိ ဧည့်အဝင်အလွန်နည်းခဲ့ရာ Royal Group က သြစတေးလျဒေါ်လာ သန်း ၁၀၀ ခန့်
အကုန်အကျခံကာ ပြန်လည်မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ခဲ့ရသည်။
Shanghai United သည် Visionary Investment Group နှင့် ပူးပေါင်းကာ သြစတေးလျတွင် ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်သွားရန် စီစဉ်ထားသည်။
လာမည့် ၃ နှစ်မှ ၅ နှစ်တာကာလအတွင်း သြစတေးလျ အိမ်ခြံမြေကဏ္ဍတွင် သြစတေးလျဒေါ်လာ ၂ ဘီလီယံအထိ သုံးစွဲကာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားရန် ရည်မှန်းထားသည်ဟု ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)