တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ချန်ရှားမြို့တွင် အိမ်ခြံမြေဈေးကွက်ကို တည်ငြိမ်စေရန်အိမ်ဝယ်ယူမှုများအား တင်းကျပ်သည့် စည်းမျဉ်းများကို အာဏာပိုင်များက တရုတ်၏
ယခုနောက်ဆုံးအိမ်ခြံမြေစည်းမျဉ်းတင်းကျပ်မှုအဖြစ် ထုတ်ပြန်လိုက်ပြီဖြစ်သည်။
အိမ်ခြံမြေဈေးကွက်တည်ငြိမ်စေရန်နှင့် ဈေးကစားမှုများအား ထိန်းချုပ်လျှော့ချရန်တရုတ်နိုင်ငံတစ်ဝန်း အဓိကမြို့အများအပြားတွင် အိမ်ခြံမြေစည်းမျဉ်းများအား ပြီးခဲ့သည့်
စက်တင်ဘာနှောင်းပိုင်းမှစတင်ကာ တင်းကျပ်လိုက်ကတည်းက
ချန်ရှားသည်ယခုနောက်ဆုံးတင်းကျပ်လိုက်သည့် မြို့ဖြစ်သည်။
ချန်ရှားမတိုင်မီ နောက်ဆုံးအဖြစ်နန်ကျင်းမြို့နှင့် ချင်းသောင်မြို့
တို့တွင် မတ် ၁၆ က တင်းကျပ်ခဲ့သည်။
မေ ၂၀ က စတင်အသက်ဝင်ခဲ့သည့် စည်းမျဉ်းအရ ချန်ရှားမြို့တွင် ဒေသခံများသည်နေအိမ်နှစ်လုံးထက်ပို၍ ၀ယ်ယူပိုင်ဆိုင်ခွင့်မရှိတော့ပြီဖြစ်သည်။ ဒေသခံမဟုတ်ပါက
တစ်လုံးသာ ၀ယ်ယူခွင့်ရှိပြီး ၁၂ လ ထက်မနည်း ၀င်ငွေခွန်နှင့် လူမှုဖူလုံရေးထည့်ဝင်ကြေးတို့ ပေးဆောင်ပြီးဖြစ်ကြောင်း အထောက်အထားပြနိုင်သူလည်း ဖြစ်ရမည်ဖြစ်သည်။
ယင်းအိမ်ခြံမြေတို့အား ၀ယ်ယူပြီးနောက် နှစ်နှစ်အတွင်း ပြန်လည်ရောင်းချခွင့်မရှိပေ။
နန်ကျင်းမြို့တွင်လည်း အိမ်ထောင်စုစာရင်းမရှိသူနှင့် လျိုဟယ်၊ လီရွှေနှင့် ကောင်ချွမ်ဟူသည့် အဓိကမြို့ပြခရိုင်သုံးခုတွင် အိမ်ပိုင်ဆိုင်မှုရှိပြီးသူတို့ကို အိမ်ဝယ်ယူခွင့်မပြုတော့ပေ။
ချင်းသောင်မြို့တွင်လည်း အိမ်ထောင်စုစာရင်းမရှိသူများသည် အိမ်ဝယ်ယူလိုပါကပြီးခဲ့သည့်နှစ်နှစ်အတွင်း၏ လူမှုဖူလုံရေးထည့်
ဝင်ကြေးနှင့် ၀င်ငွေခွန်တို့ကို ၁၂ လစာပေးသွင်းပြီးဖြစ်ကြောင်း အထောက်အထား ပြရနေရပြီဖြစ်သည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com