ပြည်တွင်း၌ အိမ်ရာစီမံကိန်းများ အရှိန်မြှင့်ဖော်ဆောင်လျက်ရှိကြရာ တန်ဖိုးနည်းအငှားအိမ်ရာစီမံကိန်းများ ဆောက်လုပ်နေကြသော်လည်း လိုအပ်ချက်ပြည့်မီရန်အတွက် ကြိုးပမ်းရဦးမည်ဖြစ်ကြောင်း ပြည်တွင်းအိမ်ရာများအရေးလေ့လာစောင့်ကြည့်သူများကပြောသည်။
""တန်ဖိုးနည်းအငှားအိမ်ရာတွေ ပိုမိုလိုအပ်တယ်။
ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ဆီမှာ အိမ်ရာ လိုအပ် ချက်ကမြင့်မားနေသေးတယ်။ပင်စင်စားတွေ၊ အစိုးရလခစားတွေ ၊ ဝင်ငွေနည်းပြည်သူတွေနဲ့ ကျူးကျော်တွေအတွက် ပိုမိုလိုအပ်တယ်။များများလည်းရှိဖို့လိုတယ်။ဘာကြောင့်လဲဆိုရင် အရှေ့ဒဂုံမှာတည်ဆောက်နေတဲ့ မဟာဗန္ဓုလအငှားအိမ်ရာ ၊ ခုထိတောင်နေနိုင်တဲ့အဆင့်မရောက်သေးပါဘူး။အဲဒါတောင် ဝိုင်းလျှောက်တဲ့သူတွေက ပင်စင်စားနဲ့ ဝန်ထမ်း ၃၆၀၀၀ လျှောက်လွှာတင်ခဲ့တယ်။တကယ်နေနိုင်မှာက ပေးနိုင်တဲ့အခန်းက ယူနစ်ပေါင်း ၁၂၀၀ ပဲရှိတယ်။အဆပေါင်း ၃၀ လောက်ကွာနေသေးတယ်။""ဟု အိမ် ခြံ မြေ အရေးလေ့လာသူတစ်ဦးမှ ပြောပြသည်။
ဆောက်လုပ်ရေးကုမ္ပဏီများအနေဖြင့်လည်း တန်ဖိုးနည်းအငှားအိမ်ရာများအပြင် တန်ဖိုးနည်းနှစ်ရှည် အိမ်ရာများတည်ဆောက်သင့်ကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။
""တကယ်လို့ အငှားအိမ်ရာစနစ်အပြင် ရေရှည်တန်ဖိုးနည်းနှစ်ရှည်အိမ်ရာတွေလည်း ဆောက်ပေးပြီးရောင်းပေးသင့်တယ်။တစ်လကို သုံးသောင်းလောက်နဲ့
နှစ် ၃၀ ၊ နှစ် ၅၀ လောက်တန်ကြေးပေးပြီး အိမ်ပိုင်ဆိုင်နိုင်မယ်ဆိုရင်လည်းမဆိုးဘူးလေ။အခုလည်း ရှစ်နှစ်ကနေ ဆယ်နှစ် ပုံစံမျိုးနဲ့ရောင်ပေးနေတာတွေတွေ့ရတယ်။ပြောရရင်တော့ ဒါမျိုးလေးတွေ များများလုပ်ပေးနိုင်လေကောင်းလေပဲလို့ပြောရမှာပါ။""ဟု အထက်ပါပုဂ္ဂိုလ်မှ ဆက်လက်ပြောပြခဲ့သည်။
မင်းချို မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com