ပြည်တွင်း၌တရားမဝင် လာရောက်ဖွင့်လှစ်လုပ်ကိုင်လျက်ရှိသော
လိုင်စင်မဲ့ နိုင်ငံခြားသားအကျိုးဆောင်များမှာ ငါးဆယ်ကျော်အထိ အရေအတွက်ရှိလာပြီဖြစ်ကြောင်းသိရသည်။
ယင်းကဲ့သို့ပြည်တွင်း၌ တရားမဝင်လာရောက်လုပ်ကိုင်နေသော
လိုင်စင်မဲ့အိမ် ခြံ မြေ အကျိုးဆောင်များအား အရေးယူရန်အတွက် ဥပဒေပိုင်းဆိုင်ရာအရအားနည်းချက်များရှိနေဆဲဖြစ်ကြောင်းလည်း
သိရသည်။
"" အရင်က လိုင်စင်မဲ့အကျိုးဆောင်အဖြစ် ပြည်ပကလာလုပ်နေတဲ့သူတွေရှိတယ်။ဒါပေမယ့်
အစက သိပ်မသိမသာနဲ့ဖြည်းဖြည်းချင်းများလာတာ။
အခုမရှိဘူးဆို ၅၀ ဝန်းကျင်လောက်အထိရှိလာပြီ။ ကျွန်တော်တို့တွေ စာရင်းကောက်ယူထားတာတွေလည်းရှိတယ်။ဒါပေမယ့် ဘယ်ကိုသွားတိုင်ရမလဲ။တိုင်ရင်လည်း ဘယ်ဥပဒေနဲ့ အရေးယူလို့ရမလဲ။အဲဒါကြောင့် လောလောဆယ်မှာတော့ စောင့်ကြည့်နေတုန်းပါပဲ။ဒီလိုအရေးမယူနိုင်သေးတာ ဥပဒေရဲ့အားနည်းချက်တွေကြောင့်လို့ပြောလို့ရပါတယ်။"" ဟု
မြန်မာနိုင်ငံအိမ် ခြံ မြေ ဝန်ဆောင်မှုအသင်း(ဗဟို)မှ
ဒုတိယ ဥက္ကဌ ဖြစ်သူ ဦးသန်းဦးမှ ပြောပြသည်။
ပြည်တွင်း၌ လိုင်စင်မဲ့တရားမဝင်လာရောက်လုပ်ကိုင်နေသော နိုင်ငံခြားသားအကျိုးဆောင်များအား သက်ဆိုင်ရာသံရုံးများမှ စာထုတ်သတိပေးမှုများပြုလုပ်ခဲ့သော်လည်း လိုက်နာမှုအားနည်းကြောင်းသိရသည်။
ယင်းကဲ့သို့လာရောက်လုပ်ကိုင်နေကြသူများမှာ ဆောက်လုပ်ရေး
ကုမ္ပဏီ ၊ အလှကုန် ကုမ္ပဏီ ၊ လူသုံးကုန်ပရိဘောဂ ကုမ္ပဏီများနှင့် တွဲဖက်လုပ်ကိုင်ကြကြောင်းသိရသည်။လုပ်ကိုင်နေသူအများစုမှာ
တရုတ် ၊ ဂျပန် ၊ ထိုင်ဝမ် အစရှိသူများဖြစ်ကြောင်းလည်းသိရသည်။
မင်းချို မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com