တရုတ်နိုင်ငံတွင် ယခု ၂၀၁၇ ခုနှစ်၏ ပထမသုံးလပတ် (၂၀၁၇ ဇန်န၀ါရီ၊ ဖေဖော်ဝါရီနှင့် မတ်) အတွင်း နိုင်ငံသားတို့၏ ပြည်တွင်းအိမ်ခြံမြေအရောင်းအဝယ်ပမာဏ ကျဆင်းခဲ့သော်လည်း တစ်နှစ်တာ အိမ်ခြံမြေရင်းနှီမြှုပ်နှံမှုအလားအလာမှာမူ တိုးတက်မှုရှိမည်ဟု ခန့်မှန်းရကြောင်း နိုင်ငံတကာအိမ်ခြံမြေကုမ္ပဏီ Colliers International
က အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။
ဝယ်လိုအားအလွန်ခြောက်ကပ်ခဲ့ခြင်းကြောင့် ယခုနှစ်ပထမသုံးလပတ်အတွင်း တရုတ်ပြည်တွင်း အိမ်ခြံမြေအရောင်းအဝယ် အမေရိကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလျံရှိခဲ့ပြီး ယမန်နှစ်ပထမသုံးလပတ်အောက် ၂၅ ရာခိုင်နှုန်း
ကျဆင်းခဲ့သည်။
နိုင်ငံတကာ ကုန်သွယ်ရေးနှင့် နိုင်ငံရေးရာ ပူပန်စရာများ လျော့ပါးလာပြီး တရုတ်စီးပွားရေး ဆက်လက်ဖွံ့ဖြိုးကျယ်ပြန့်လာသဖြင့် အိမ်ခြံမြေရင်းနှီမြှုပ်နှံမှုသည် ၂၀၁၇ ၏ ကျန်ကာလများတွင်
ယမန်နှစ်စံချိန်သို့ နီးကပ်သည်အထိ ပြန်လည်ဦးမော့လာနိုင်ကြောင်းလည်း Colliers ၏ အာရှဒေသဆိုင်ရာ တာဝန်ခံဒါရိုက်တာ
အင်ဒရူးဟက်စ်ကင်က အစီရင်ခံစာတွင် ပါရှိသော
ခန့်မှန်းချက်တစ်ရပ်အား ပြောကြားခဲ့သည်။
ယမန်နှစ်က မြေရိုင်းများတွင်စိတ်ဝင်စားမှုနှင့် အထင်ကရအရောင်းအဝယ်ကြီးများ အားကောင်းခဲ့သဖြင့် ယခုပထမသုံးလပတ်အရောင်းအဝယ် အားပျော့မှုသည်
ယာယီမျှသာ ဖြစ်မည်ဟုလည်း ခန့်မှန်းခဲ့ကြောင်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com