မလေးရှားနိုင်ငံသားအများစုသည် လာမည့် ၆ လအတွင်းနေအိမ်ပိုင်ဆိုင်လိုနေကြကြောင်းစစ်တမ်းတစ်ရပ်တွင် တွေ့ရှိရသည်ဟုမလေးရှားအိမ်ခြံမြေ developer အစည်းအရုံး (Rehda) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြကြောင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။
မလေးရှားနိုင်ငံသား ၁၆၅၅ ဦးကိုစစ်တမ်းကောက်ယူခဲ့သော ၂၀၁၇ ခုနှစ် နေအိမ်ဝယ်ယူသူများစစ်တမ်းအရ ၅၆ ရာခိုင်နှုန်းမှာလာမည့် ၆ လအတွင်းနေအိမ်ပိုင်ဆိုင်လိုလျက် ရှိကြပြီးအဓိကအားဖြင့် ကွာလာလမ်ပူတွင် ပိုင်ဆိုင်လိုခြင်းဖြစ်ကြောင်းတွေ့ရှိရသည်။
မလေးရှား၏ တင်းကျပ်သောငွေချေးစည်းမျဉ်းမှာ ၎င်းတို့အတွက် အဓိကအတားအဆီးတစ်ရပ်ဖြစ်နေကြောင်းRehdaဥက္ကဌဆီရီအက်ဖ် ဒီ-အစ္စကန်ဒါကပြောကြားသည်။
“ဒီလူတွေအနက် ၃၈ ရာခိုင်နှုန်းကပထမဆုံးအကြိမ် နေအိမ်ဝယ်ယူမယ့်သူတွေဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကနေအိမ်ထပ်မံဝယ်ယူသူတွေဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမယ့်သူက ၂၃ ရာခိုင်နှုန်း၊ ပြည်ပဝယ်လက်က ၆ ရာခိုင်နှုန်းနဲ့ အငှားနေထိုင်သူတွေက ၃ ရာခိုင်နှုန်းပါဝင်ပါတယ်”ဟုသတင်းစာရှင်းလင်းပွဲတွင် အစ္စကန်ဒါကပြောကြားခဲ့သည်။
ကျန်သူများအနက် ၂၅ ရာခိုင်နှုန်းကလာမည့် ၆ လမှ ၁၂ လအတွင်းနေအိမ်ဝယ်ယူမည်ဟုဖြေကြားပြီး ၁၂ ရာခိုင်နှုန်းမှာမသေချာကြောင်းနှင့် ၆ ရာခိုင်နှုန်းကမူနေအိမ်တစ်လုံးချက်ချင်းပိုင်ဆိုင်လိုကြောင်းဖြေကြားခဲ့ကြသည်။
အစ္စကန်ဒါကပြောကြားရာတွင် ကွာလာလမ်ပူ၏ အချက်အခြာနေရာများကိုနေအိမ်စတင်ဝယ်ယူလိုနေကြခြင်းမှာလက်တွေ့မဆန်ကြောင်းပြောကြားသည်။
အများစုမှာကိုယ်တိုင်နေထိုင်ရန်အတွက်ဖြစ်ပြီးယင်းနောက်တွင် မိသားစုနေထိုင်ရန်၊ အငှားချထားရန်၊ ပိုမိုကောင်းမွန်သောနေရာသို့ ပြောင်းရွှေ့ ရန်၊ အားလပ်ရက်အပန်းဖြေရန်နှင့် ရင်းနှီးမြှုပ်နှံရန်တို့ အစဉ်လိုက် ရပ်တည်လျက်ရှိသည်။
၄၃ ရာခိုင်နှုန်းမှာနေအိမ်အကျယ်အဝန်း ၁၀၀၀ မှ ၁၅၀၀ စတုရန်းပေအကျယ်အဝန်းကိုလိုချင်ပြီး ၃၃ ရာခိုင်နှုန်းကမူ ၈၀၀ မှ ၁၀၀၀ စတုရန်းပေအကျယ်အဝန်းကိုမျှော်မှန်းသည်ဟုဆိုသည်။
ဈေးနှုန်းအရမူ ၄၁ ရာခိုင်နှုန်းကရင်းဂစ်ငွေ ၃၀၀၀၀၀ မှ ၅၀၀၀၀၀ ကြားနေအိမ်များကိုရှာဖွေလျက်ရှိကြပြီး ၃၂ ရာခိုင်နှုန်းမှာမူရင်းဂစ် ၅၀၀၀၀၀ မှ ၇၅၀၀၀၀ ကြားနေအိမ်များရှာဖွေလျက်ရှိကြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)