တရုတ်အစိုးရကချမှတ်ထားသည့် မူဝါဒဖြစ်သောခါးပတ်တစ်ခု၊ လမ်းမတစ်ခုမူဝါဒအရအီဂျစ်နိုင်ငံရှိဆောက်လုပ်ရေးလုပ်ငန်းများတွင် ကန်ဒေါ်လာ ၄၀ ဘီလီယံအထိရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သည်ဟုအရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
တရုတ်နိုင်ငံတွင် ပမာဏအကြီးမားဆုံးရန်ပုံငွေဖြစ်သောပိုးလမ်းမရန်ပုံငွေမှ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သည်ဟုဆိုသည်။
တရုတ်သမ္မတရှီကျင့်ဖျင်ကခါးပတ်တစ်ခု၊ လမ်းမတစ်ခုစီမံကိန်းအတွက် ကန်ဒေါ်လာ ၁၂၄ ဘီလီယံရင်းနှီးမြှုပ်နှံသွားရန် ကတိကဝတ်ပြုထားသည်။
ယင်းစီမံကိန်းမှ အီဂျစ်နိုင်ငံအကျိုးအမြတ်ဖြစ်ထွန်းမည့်နည်းလမ်းများကိုတရုတ်အစိုးရကရှာဖွေသွားမည်ဖြစ်ကြောင်းအီဂျစ်ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနဝန်ကြီးဆာဟာနာဆာနှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့သည်။
အဆိုပါစီမံကိန်းများကိုအထောက်အကူဖြစ်စေရန်အတွက် နိုင်ငံတကာဘဏ္ဍာရေးအင်စတီကျူးရှင်းများစွာနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများ၊ နှစ်နိုင်ငံအကြားပုဂ္ဂလိကနှင့် အစိုးရအဖွဲ့အစည်းများအကြားပူးတွဲစီမံကိန်းများအကောင်အထည်ဖော်နိုင်မည့် အလားအလာများကိုလည်းဆွေးနွေးခဲ့ကြသည်။
လက်ရှိအားဖြင့် အီဂျစ်တွင် တရုတ်ကုမ္ပဏီပေါင်း ၁၃၀၀ ကျော်ရှိနေသည်။
ပိုးလမ်းမရန်ပုံငွေဖြင့် အီဂျစ်တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် အခြေခံအဆောက်အအုံနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် သုံးစွဲသွားမည် ဖြစ်ပြီးပုဂ္ဂလိကနှင့် နိုင်ငံပိုင်အဖွဲ့အစည်းများအကြားပူးတွဲစီမံကိန်းများဖြင့် အကောင်အထည်ဖော်သွားရန် သဘောတူထားကြသည်။
အီဂျစ်သို့လာရောက်လည်ပတ်ရန်ကာစီမံကိန်းတိုးတက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရန်လည်းတရုတ်သမ္မတရှီကျင့်ဖျင်ကိုဖိတ်ခေါ်ထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)