သြစတေးလျနိုင်ငံသား လူးကက်စ် လာဇေးသည် အသက် ၈ နှစ်သား အရွယ်ကတည်းကပင် စတင်ငွေစုခဲ့သူတစ်ဦးဖြစ်ပြီး ၁၀ နှစ်အရွယ် မရောက်မီပင် စာသင်ကျောင်းကို ကျောခိုင်းခဲ့သော်လည်း ယနေ့အခါတွင်မူ ဒေါ်လာ ၃ သန်းတန် နေအိမ်ပိုင်ရှင်တစ်ဦး ဖြစ်နေပြီ ဖြစ်ကြောင်း သြစတေးလျအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ယနေ့ခေတ် လူငယ်လူရွယ်အများစုမှာ နေအိမ်ပိုင်ဆိုင်နိုင်ရန်
အလွန်ခက်ခဲစွာ ရုန်းကန်ကြရလျက်ရှိသည်မှာ နေရာတိုင်းတွင်
ဖြစ်၏။လူးကက်စ် လာဇေး၏ ဘဝလမ်းကား ထိုကဲ့သို့မဟုတ်။
သို့ရာတွင် ပျော်ရွှင်ဖွယ်နိဂုံးသို့ လွယ်လင့်တကူ ရောက်ခဲ့ခြင်းကား မဟုတ်ချေ။
အသက် ၃၀ အရွယ်ရှိနေပြီဖြစ်သော စွန့်ဦးလုပ်ငန်းရှင် လူးကက်စ်သည် သူ၏ အထုံဗီဇကို ၈ နှစ်သား အရွယ်ကတည်းက ပြသခဲ့၏။
လူးကက်စ် ၈ နှစ်သားအရွယ်က ခွေးကလေးတစ်ကောင် လိုချင်နေ၏။
သူ့မိခင်က ခွေးလိုချင်လျှင် ငွေရှာလာရန် ပြောရာ လူးကက်စ်က ပင်လယ်ကမ်းခြေဘေးတွင် တည်ရှိသော သူတို့၏ နေအိမ်ဝန်းကျင်တွင် ရောင်းချ၍ ရနိုင်မည့်အရာတစ်ခုခုကို လိုက်လံရှာဖွေတော့သည်။
ကံကြမ္မာက လူးကက်စ်ကို ဖေးမခဲ့သည်ဟု ဆိုရမည်၊ ရှန်ပိန်တစ်ပုလင်းကို ကံကောင်းထောက်မစွာ တွေ့ခဲ့၏။
အဆိုပါ ရှန်ပိန်ပုလင်းကို ရောင်းချရန်အတွက် ခရစ္စတီး လေလံအဖွဲ့နှင့် ဆက်သွယ်ခဲ့လေသည်။“ကျွန်တော်က ကလေးလေးဖြစ်နေတော့ သူတို့က ဘာမှပြန်မဆွေးနွေးခဲ့ဘူး။ ဒါနဲ့ ကျွန်တော့်ကိုယ်စားအမေက ဆက်သွယ်ပေးခဲ့ပါတယ်” ဟု လူးကက်စ်က ပြန်ပြောင်းပြောပြသည်။
သို့နှင့် ရှန်ပိန်ပုလင်းအရောင်းအဝယ်ဖြစ်သွားကာ ဒေါ်လာ ၄၀၀ ရခဲ့ပြီး သူလိုချင်သော ခွေးတစ်ကောင် ရခဲ့တော့သည်။
အဆိုပါ အရောင်းအဝယ်မှစတင်ပြီး လူးကက်စ်သည် စီးပွားရေးလုပ်ငန်း၏ အထာ (knack) ကို သိသွားသည်။ ထို့ကြောင့်ပင် ပြင်ပလောကထွက်ကာ ငွေရှာလိုသောကြောင့် အသက် ၁၀ နှစ်သား မတိုင်မီတွင်ပင် ကျောင်းထွက်လိုက်၏။ အသက် ၂၁ နှစ်အရွယ်တွင် ကိုယ်ပိုင်ငွေဖြင့် တိုက်ခန်းတစ်ခန်း ဝယ်ယူနိုင်ခဲ့သည်။
ထိုသို့ ကြိုးပမ်းသည့်ခရီးတစ်လျှောက်တွင် မိဘအကူအညီ မရယူခဲ့ချေ။
ငွေစုတတ်သည့် အလေ့အထကောင်းနှင့် ကြီးပွားရမည်ဟူသော ခိုင်မာသည့်ဆုံးဖြတ်ချက်တို့ကိုသာ လက်ကိုင်ထားကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သောနှစ်အတွင်း လူးကက်စ်နှင့် ဇနီးဖြစ်သူ ဂျက်စီကာတို့သည် North Balgowlah တွင် နှစ်ထပ်နေအိမ်တစ်လုံး ဝယ်ယူလိုက်ပြီး စိတ်ကူးယဉ်ထားခဲ့သည့် ပုံစံများအတိုင်း မွမ်းမံခဲ့သည်။
အဆိုပါနေအိမ်သည် မိမိတို့ တစ်သက်လုံး နေထိုင်သွားမည့် နေအိမ်ဖြစ်ကြောင်း လူးကက်စ်က ဆိုသည်။
သို့ရာတွင် မည်မျှ ခိုင်ခိုင်မာမာချထားသည့် ဆုံးဖြတ်ချက်မဆို အခြေအနေအရပ်ရပ်အရ ပြောင်းလဲနိုင်လေသည်။
ဇနီးဖြစ်သူက Mona Vale တွင် စာသင်ပြရမည့်အလုပ်တစ်ခုရသွားသောကြောင့် မူလဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်ရရာ ယခုအခါ ယင်းနေအိမ်ကို ဒေါ်လာ ၃ သန်းဖြင့် လေလံတင်ရောင်းချခဲ့ရပြီ ဖြစ်၏။
“ကျွန်တော်တို့ ဒီအိမ်မှာ အခြေချဖို့ ဆုံးဖြတ်ခဲ့တာ။
ဒီမှာဆိုရင် မိဘဆွေမျိုးတွေနဲ့လည်း နီးတယ်။ ဒီအိမ်ရောင်းဖို့ ဆုံးဖြတ်လိုက်ရတာ ခက်ခဲတဲ့ဆုံးဖြတ်ချက်ပါ။
ဒါပေမယ့် ကျွန်တော်တို့အတွက်တော့ မှန်ကန်တဲ့ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်” ဟု မစ္စတာ လူးကက်စ်က ဆိုသည်။
ယင်းနေအိမ်တွင် အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၂ ခန်းပါဝင်ပြီး ဂိုဒေါင်နှင့် ရေကူးကန်တစ်ခုလည်း ပါဝင်သည်။
လာမည့် မေလ ၂၇ ရက်တွင် လေလံတင်ရောင်းချမည်ဟု ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)