လပေါ်တွင် လာမည့် နှစ်ပေါင်း ၂၀ အတွင်း တရုတ်တို့ အခြေချ နေထိုင်နိုင်ရေးအတွက် ဘေဂျင်းအစိုးရသည် မြေပြင်စခန်းများတွင် လေ့ကျင့်ပြင်ဆင်လျက် ရှိကြောင်း Reuters သတင်းတွင်
ဖော်ပြထားသည်။
လပေါ်တွင် ဆောက်လုပ်မည့် ပုံစံတူ အဆောက်အအုံများထဲတွင် ရက်ပေါင်း ၆၀ မှ ရက် ၂၀၀ အထိ နေထိုင်ပြီး လေ့လာစမ်းသပ်မှုများကို ၂၀၁၈
ခုနှစ်အထိ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ယင်းသတင်းက
ဆိုသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်နိုင်ငံသည် အာကာသ
စူးစမ်းရှာဖွေရေးတွင် ကမ္ဘာကို ကျော်လွှားပြီး အင်အားကြီးနိုင်ငံ
တစ်နိုင်ငံအဖြစ် ရပ်တည်နိုင်စေရမည် ဆိုသော လမ်းညွှန်ချက်အရ လာမည့် ၂၀၁၈ ခုနှစ်၌ လပေါ်ရှိ အမှောင်ခြမ်းဟု ခေါ်ဆိုနေသော ရပ်ဝန်းတွင် ခြေချကာ ၂၀၃၆ ခုနှစ်တွင် ထိုရပ်ဝန်းသို့ နေထိုင်သူများ စတင်ပို့ဆောင်မည် ဖြစ်ကြောင်း Xinhua သတင်းတွင် ရေးသားထားသည်။
တရုတ်တို့က လပေါ်သို့ ၂၀၁၈ ခုနှစ်တွင် စတင်ခြေချရန် ပြင်ဆင်နေသည် ဆိုသော်လည်း လပေါ်တွင် မည်မျှကြာအောင် နေထိုင်မည်ဟု မသိရကြောင်း၊ မြေပြင်စခန်းများတွင် လေ့ကျင့်နေထိုင်မှုများကို ယခုစတင်ကာ ဆောင်ရွက်နေကြပြီ ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။
လပေါ်တွင် နေထိုင်မည့် ပုံစံတူအိမ် Yuegong-1 ထဲတွင် အပျော်တမ်းဆန္ဒပြုသူ လေးဦးသည် ရက်ပေါင်း ၂၀၀ ခန့်အထိ နေထိုင်ရန် စတင်နေပြီ ဖြစ်ပြီး၊ ယင်းအိမ်ကိုလည်း လပေါ်က ဝန်းကျင်အတိုင်း အနေအထားထဲတွင် ထားရှိခဲ့ကြသည်။
တရုတ်တို့သည် လပေါ်တွင် နေထိုင်သည့် ပုံစံအတိုင်း ၂၀၁၄ ခုနှစ်က စမ်းသပ်ခဲ့ရာ ၁၀၅ ရက်တိုင်အောင် နေထိုင်နိုင်ခဲ့ကြသည်ဟု Reuters တွင် ရေးသားထားသည်။
တရုတ်တို့က ယင်း Yuegong-1 လူနေအိမ်ကို BLSS (Bioregenerative Life Support System) ဟု အမည်ပေးထားပြီး၊ အိမ်ထဲတွင်ပင် ရေနှင့်အစားအစာများကို စွန့်ပစ်ပြန်သုံးစနစ်များဖြင့် ဆောင်ရွက်နိုင်စေရန် ဖန်တီးထားသည်။
Yuegong-1 စနစ်တွင် ဖန်လုံအိမ်စနစ် အခန်းနှစ်ခန်း ပါဝင်မည် ဖြစ်ပြီး သီးနှံများကို စမ်းသပ်စိုက်ပျိုးထားကာ စမ်းသပ်လျက်ရှိသည်။
တရုတ်တို့က လာမည့် ၂၀၂၂ ခုနှစ်တွင် လပေါ်၌ လူနေအိမ်များကို စတင်ဆောက်လုပ်သွားမည် ဖြစ်ကြောင်း၊ တရုတ်တို့က စစ်ရေးတွင် အမေရိကန်ပြည်ထောင်စု၊ ရုရှားတို့ထက် နောက်ကျနေသော်လည်း အာကာသ လေ့လာစူးစမ်းရေးကိစ္စများ၊ လပေါ်တွင် လူနေထိုင်နိုင်ရေး လုပ်ဆောင်ချက်များတွင် နောက်ကျမကျန်ခဲ့စေရန် ကြိုးစားဆောင်ရွက်လျက် ရှိကြောင်း The Business Times တွင် ရေးသားထားသည်။
Credit: The Voice