မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ သိမ်ဖြူမီးရထားဝင်းကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့်ပူးပေါင်း၍ ကွန်ဒိုတိုက်ခန်းများ ဆောက်လုပ်ရန် စီစဉ်ထားကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်မှ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ပြောကြားသည်။
အဆိုပါ သိမ်ဖြူမီးရထားဝင်းနေရာတွင် ကွန်ဒိုတိုက်ခန်းများ ဆောက်လုပ်နိုင်ရန် ညှိနှိုင်း ဆောင်ရွက်နေပြီ ဖြစ်သော်လည်း မည်သည့်အချိန်တွင် စတင် ဆောက်လုပ်မည်ကို မပြောနိုင်သေးကြောင်း ၎င်းက ပြောဆိုသည်။
“မီးရထားဝင်းတွေထဲကမှ သိမ်ဖြူ မီးရထားဝင်းကို စပြီး လုပ်မှာပါ။ အဲဒီ နေရာမှာ JICA ပူးပေါင်းပြီး ကွန်ဒို တိုက်ခန်းတွေ ဆောက်ဖို့ စီစဉ်ထားတာ။ အခုလို စီစဉ်ထားတာ လေးလလောက် ရှိပြီ။ အစီအစဉ် အသေးစိတ်
ကိုတော့ မသိရသေးဘူး။ ဒီတစ်ခေါက် လွှတ်တော်မှာလည်း ကောင်းကောင်း မဆွေးနွေးလိုက်ရဘူး”ဟု ဦးရန်အောင်က ရှင်းပြသည်။
သိမ်ဖြူမီးရထားဝင်းအတွင်း ကွန်ဒို တိုက်ခန်းများ ဆောက်လုပ်ရန် စီစဉ်ထားသော်လည်း မည်သည့်အချိန်တွင် စတင် မည်ကိုမူ ဆွေးနွေးနေဆဲဖြစ်ကြောင်း၊ ရန်ကုန်တိုင်း အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဌာနဆိုင်ရာ မြေကွက်လွတ်များရှိနေရာ ယင်းမြေကွက်လွတ်များတွင် ကွန်ဒို၊ တိုက်ခန်းများ ဆောက်လုပ်၍ ဝန်ထမ်းများအတွက် အဆင့်မြင့်နေအိမ်များ စီစဉ်ပေးရန်ရှိကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။
သိမ်ဖြူမီးရထားဝင်းအတွင်း လက်ရှိ ရှိနေသည့် ဝန်ထမ်းလိုင်းခန်းများသည် သစ်သားများဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ရာ နှစ်ကာလ ကြာမြင့်နေပြီဖြစ်သောကြောင့် ပျက်စီးယိုယွင်းမှုများ ရှိနေကြောင်း
အဆိုပါ လိုင်းခန်းများတွင် နေထိုင်သည့် မီးရထားဝန်ထမ်း အချို့က ပြောဆိုသည်။
Credit: The Voice