နီကိုလပ်ကေ့ခ်ျ ပါဝင်သရုပ်ဆောင်ခဲ့သည့် Adaptation ဇာတ်ကားကြီး အခြေတည်ရိုက်ကူးခဲ့ရာ ပင်လယ်ကမ်းခြေနေအိမ်ကြီးကို ကန်ဒေါ်လာ ၁၄ ဒသမ ၆ သန်းဖြင့် ရောင်းချလိုက်ပြီဖြစ်ကြောင်း ဟောလိဝုဒ်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့အနောက်ဘက်ရှိ အပန်းဖြေပင်လယ်ကမ်းခြေမြို့ Venice တွင် တည်ရှိသည်။
စတုရန်းပေ ၅၀၀၀ ကျယ်ဝန်းသည့် နေအိမ်၏ရောင်းဈေးမှာ Venice ကမ်းခြေသမိုင်းတွင် အမြင့်မားဆုံးအဖြစ် စံချိန်တင်သွားသည်။
၁၉၉၅ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၁၁ နှစ်အကြာတွင် မွမ်းမံအဆင့်မြှင့်မှုများ ပြုလုပ်ခဲ့သည်။
ခြံဝန်းအလယ်ဗဟိုတွင် ရေကန်ငယ်တစ်ခုတည်ရှိပြီး အဆောက်အအုံများမှာ ရေကန်ကို ဝန်းပတ်ဆောက်လုပ်ထားသည်။
ဟင်းလင်းပြင်မီးဖိုဆောင်နှင့် ရေချိုးခန်းတို့ပါဝင်ပြီး စတုရန်းပေ ၇၅၀၀ ကျယ်ဝန်းသော နှစ်ကွက်တွဲခြံဝန်းပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။
၂၀၀၂ ခုနှစ်တွင် အော်စကာဆုနှင့် ရွှေကမ္ဘာလုံးဆုများရရှိခဲ့သော Adaptation ရုပ်ရှင်ကို ဤနေအိမ်တွင် ရိုက်ကူးခဲ့သည်။နေအိမ်ပိုင်ရှင်မှာ ဗိသုကာပညာရှင် ဒေးဗစ်ဟာ့ဇ်ဖြစ်ပြီး ကိုယ်တိုင်ဒီဇိုင်းရေးဆွဲဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
ယင်းနေအိမ်သည် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သည့် ဆောက်လုပ်ရေးနည်းပညာများ လေ့လာမှုတွင် ထည့်သွင်းလေ့လာခံခဲ့ရသည့် အဆောက်အအုံလည်း ဖြစ်သည်။
ဟာ့ဇ်က ပြောကြားရာတွင် ဗိသုကာပညာရှင် ရူးဒေါ့ဖ် ရှင်းဒလား၏ လက်ရာများနှင့် ဘာလီကျွန်းသို့ ခရီးထွက်ခဲ့မှုများမှ အဆိုပါနေအိမ်ဒီဇိုင်း စိတ်ကူးရခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဝယ်လက်မှာ အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးဖြစ်ကြောင်း၊ နေအိမ်ကို ဆက်လက်မွမ်းမံမှုများ ပြုလုပ်ရာတွင်လည်း မိမိပါဝင်မည်ဖြစ်ကြောင်း ဟာ့ဇ်က ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)