တရုတ်အစိုးရသည် ၂၀၁၇ ခုနှစ်အတွင်း အိမ်ခြံမြေကဏ္ဍ တည်ငြိမ်စေရန် ထိန်းချုပ်ရေးကို ထိပ်တန်းဦးစားပေးအဖြစ် ကိုင်တွယ်လျက် ရှိနေရာ တရုတ်နိုင်ငံ၊ ရှန်ဇီပြည်နယ်၊ ချီအန်မြို့အာဏာပိုင်များသည် တရုတ်နိုင်ငံတွင် ဒုတိယအကြီးမားဆုံး အိမ်ခြံမြေ developer ဖြစ်သော China Vanke ၏ ဆောက်လုပ်ရေးလုပ်ငန်းခွင် ၁၂ ခုကို ရောင်းချခွင့် ပိတ်သိမ်းလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ချီအန်မြို့သည် တရုတ်နိုင်ငံအလယ်ပိုင်း ရှန်ဇီပြည်နယ်၏မြို့တော်ဖြစ်ပြီး လူဦးရေ ၉ သန်းနီးပါး ရှိသည်။
တစ်ချိန်ကမူ ချန်အန် ( အဆုံးမဲ့ငြိမ်းချမ်းရေးဟုအဓိပ္ပာယ်ရ) ဟု ခေါ်ဆိုခဲ့ကြပြီး ပိုးလမ်းမကြီး၏ အရှေ့ဖျားအဆုံးသတ်မြို့လည်းဖြစ်ကာ ဟောင်၊ ချင်၊ ဟန်နှင့် တန်မင်းဆက်တို့ နန်းစိုက်ရာဒေသ ဖြစ်ခဲ့သည်။
ချီအန်မြို့ အိမ်ခြံမြေဗျူရိုက ထုတ်ပြန်ကြေညာရာတွင် China Vanke သည် Vanke City Glory (万科城市之光) နှင့် Vanke Oriental Legend (万科东方传奇) ဆောက်လုပ်ရေးစီမံကိန်းများတွင် တရားမဝင်ရောင်းချမှုများရှိခဲ့သည်ဟု သံသယရှိကြောင်း ထုတ်ပြန်သည်။
ချီအန်မြို့အုပ်ချုပ်ရေးအဖွဲ့က ချီအန်မြို့တွင်းရှိ China Vanke ၏ စီမံကိန်း ၁၂ ခု ရောင်းချခွင့်ကို ပိတ်သိမ်းခဲ့သည်။
တရုတ်နိုင်ငံတွင် အိမ်ခြံမြေဈေးနှုန်းများ အလွန်လျင်မြန်စွာ
မြင့်တက်လာနေမှုကို ကိုင်တွယ်ရန် ကြိုးပမ်းမှုအတွင်း
အရေးယူခံခဲ့ရခြင်း ဖြစ်သည်။
ချီအန်မြို့အိုးအိမ်အဖွဲ့မှ အာဏာပိုင်တို့သည် China Vanke ၏ စီမံကိန်းလုပ်ငန်းခွင်များသို့ သွားရောက်စစ်ဆေးရာတွင် တရားဝင်အသိအမှတ်ပြုထုတ်ပြန်ထားသည့် အဆင့်များ မပြီးမြောက်သေးဘဲ တရားမဝင်ကြိုတင်ရောင်းချမှုများ ရှိခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု ဆိုသည်။
အိုးအိမ်ရဲတပ်ဖွဲ့ဝင်တို့သည် China Vanke ၏ လက်ထောက်အထွေထွေမန်နေဂျာကို စစ်ဆေးမေးမြန်းခြင်း၊ ကွန်ပြူတာများမှ အချက်အလက်များ ဖော်ထုတ်စစ်ဆေးခြင်း၊ ကုမ္ပဏီမှတ်တမ်းမှတ်ရာများကို စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြပြီးနောက် ကုမ္ပဏီ၏ အရောင်းပြခန်းများကို ချိတ်ပိတ် ပိတ်သိမ်းခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)