နော်ဝေနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်၊ ဘီလျံနာသူဌေးကြီး ချဲအင့်ယိုရက်
ကား (Kjell Inge Roekke) သည် သူ၏ပိုင်ဆိုင်မှုအရပ်ရပ် ကန်ဒေါ်လာ ၂ ဘီလီယံခန့်မှ အများစုကို လှူဒါန်းတော့မည်ဖြစ်သည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။
ဦးစွာအားဖြင့် သမုဒ္ဒရာသုတေသနအတွက် သင်္ဘောတစ်စင်းဆောက်လုပ်မှု
ကို ကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်း နော်ဝေနေ့စဉ်သတင်းစာ Aftenposten သို့ ရက်ကားက ပြောကြားခဲ့သည်။
သင်္ဘောသား ၃၀ ဦးနှင့် သိပ္ပံပညာရှင် ၆၀ ဦးခန့်လိုက်ပါနိုင်မည့် သင်္ဘောကို “သဘာဝနော်ဝေ ကမ္ဘာလုံးဆိုင်ရာရန်ပုံငွေ” အဖွဲ့နှင့် ပူးတွဲအကောင်အထည်ဖော်မည်ဖြစ်သည်ဟု ဆိုသည်။
“ကျွန်တော်ပိုင်ဆိုင်ထားသမျှရဲ့ အများစုကို လူ့အဖွဲ့အစည်းဆီ ပြန်ပေးသွားမှာပါ။ ဒီသင်္ဘောက ကနဦးခြေလှမ်းတစ်ခုပါပဲ” ဟု အသက် ၅၈ နှစ်အရွယ်ရှိ မစ္စတာရက်ကာက ပြောကြားသည်။
သင်္ဘောတည်ဆောက်မှု ကုန်ကျစရိတ်နှင့် မည်သည့်လှူဒါန်းမှုများ ပြုလုပ်သွားမည်ဆိုခြင်းများကိုမူ မစ္စတာရက်ကာက ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိချေ။
ရက်ကာသည် အသက် ၁၈ နှစ်အရွယ်တွင် တံငါသည်တစ်ဦးအဖြစ် အသက်မွေးခဲ့ပြီး အထက်တန်းပညာပြီးဆုံးခဲ့ခြင်းမရှိချေ။
အမေရိကန်ပြည်ထောင်စု၊ အလက်စ်ကားပြည်နယ်တွင် အခြေစိုက်ပြီး ငါးဖမ်းပိုက်လုပ်ငန်းကို နှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့ပြီးနောက် ၁၉၈၀ ပြည့်လွန်ကာလများတွင် American Seafood ကုမ္ပဏီကို ပိုင်ဆိုင်လာခဲ့သည်။
၁၉၉၀ ပြည့်လွန် အလယ်ပိုင်းကာလများတွင် နော်ဝေသို့ ပြန်ခဲ့ပြီး ကုမ္ပဏီများစွာ ဝယ်ယူခြင်း၊ တည်ထောင်ခြင်းများ ပြုလုပ်ခဲ့သည်။
၂၀၀၈ ခုနှစ်တွင်ကား နော်ဝေခရုန်းငွေ ၁၂ ဒသမ ၅ ဘီလီယံ (ကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ) ဖြင့် နော်ဝေတွင် သတ္တမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။
၂၀၁၃ ခုနှစ်တွင် ကန်ဒေါ်လာ ၃ ဘီလီယံဖြင့် ဖော့ဘ်မဂ္ဂဇင်းကြီးက
နော်ဝေ၏ တတိယမြောက်အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ဖော်ပြခဲ့သည်။
နော်ဝေအစိုးရက ၂၀၁၃ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့သော ဝင်ငွေခွန်ပေးဆောင်မှုစာရင်းအရမူ ရက်ကာကို နော်ဝေ၏
အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် ဖော်ပြထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)