အီးယူ (ဥရောပသမဂ္ဂ)နှင့် မြန်မာနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကာအကွယ်ပေးရေးစာချုပ် ချုပ်ဆိုနိုင်ရန် ယခုနှစ်အတွင်း အပြီးသတ် ဆွေးနွေးမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
“အဲဒီစာချုပ်မှာ ကဏ္ဍခုနစ်ခု ပါတယ်။ ဆွေးနွေးပွဲတွေ လုပ်လာတာလည်း ငါးကြိမ်နီးပါး ရှိပါပြီ။ ဧပြီလက လုပ်သွားတဲ့ ဆွေးနွေးပွဲမှာ အဓိက အချက်တွေကို သဘော တူနိုင်ခဲ့တယ်။ စာချုပ်ချုပ်လိုက်ရင် ဥရောပမှာရှိတဲ့ ၂၈ နိုင်ငံက ပြည်တွင်းကို လာပြီး ရင်းနှီးမြှုပ်နှံတာတွေ များများ လုပ်လာနိုင်ပါတယ်”ဟု ယင်းဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။
ဖွံ့ဖြိုးမှုနောက်ကျပြီး အခြေခံ အဆောက်အအုံ လိုအပ်ချက် များပြားသည့် မြန်မာနိုင်ငံအနေနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကာအကွယ်ပေးရေးစာချုပ်များ ချုပ်ဆိုနိုင်ရန် လိုအပ်ကြောင်း၊ ဂျပန်နိုင်ငံကို ကြည့်ပါက ဂျပန်-မြန်မာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကာအကွယ်ပေးရေး စာချုပ်ချုပ်ဆိုပြီးမှ သီလဝါ အထူးစီးပွားရေးဇုန်များတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ များပြားလာကြောင်း ၎င်းက ရှင်းပြသည်။
ယခင်ဘဏ္ဍာနှစ်တွင် အစိုးရ အပြောင်းအလဲနှင့် ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေများ ရေးဆွဲနေမှုကို ရင်းနှီးမြှုပ်နှံသူများက စောင့်ကြည့်နေကာ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်နှုန်း နှောင့်နှေးခဲ့ကြောင်း၊ အမေရိကန် ပြည်ထောင်စုက စီးပွားရေးပိတ်ဆို့မှု ဖြေလျှော့လိုက်သော်လည်း အမေရိကမှ မြန်မာသို့ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု မရှိသည့်အပြင် ဥရောပနိုင်ငံ အများစုမှာလည်း တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု မဝင်ရောက်သေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်သော စာရင်းများအရ သိရသည်။
လက်ရှိတွင် မြန်မာနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကာအကွယ်ပေးရေး စာချုပ် လက်မှတ် ထိုးထားသည့် နိုင်ငံများမှာ ကိုရီးယား၊ ကူဝိတ်၊ ဂျပန်၊ တရုတ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ လာအို၊ အင်ဒိုနီးရှား၊ အစ္စရေး၊ အမေရိကနှင့် အိန္ဒိယတို့ ဖြစ်သည်။
အစိုးရအနေနှင့် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်စေရန် အကာအကွယ်ပေးရေး စာချုပ်များ ချုပ်ဆိုနေခြင်းမှာ အငြင်းပွားမှု ပြဿနာ ပေါ်လာပါက အစိုးရဘက်က နစ်နာမှုများ ရှိနိုင်သောကြောင့် ပြန်လည် စိစစ်သင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က ဝေဖန်ပြောဆိုကြသည်။
Credit: The Voice