အာရပ်စော်ဘွားများပြည်ထောင်စုအခြေစိုက် Emirates Red Crescent
(ERC) လူသားချင်းစာနာထောက်ထားမှုအဖွဲ့က ယီမင်တွင် မဟာမြို့သစ်ကြီးတစ်ခု ဆောက်လုပ်ရန် စီစဉ်လျက်ရှိကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ယီမင်နိုင်ငံ၏ ကမ်းလွန်အာရေးဗျပင်လယ်အတွင်းတည်ရှိပြီး
ယီမင်နှင့် မိုင် ၂၂၀ ခန့်ဝေးကွာသော ဆိုကိုထရာကျွန်းပေါ်တွင် ဆောက်လုပ်ရေးစီမံကိန်းများစွာ ဆောက်လုပ်မည်ဖြစ်ရာ ရှိတ်ခ် ဇာယစ်အမည်ရသော မဟာမြို့တော်သစ်ကြီးတစ်ခုလည်း ပါဝင်သည်။
Emirates Red Crescent (ERC) သည် လူသားချင်းစာနာထောက်ထားရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၁၉၈၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်တွင် စတင်တည်ထောင်ခဲ့ကာ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့၏ အဖွဲ့ဝင်လည်း ဖြစ်သည်။
စီမံကိန်းတွင် နေအိမ်ပေါင်း ၁၆၁ လုံး ၊ ဆေးရုံ၊ စာသင်ကျောင်း၊ အခြေချနေထိုင်မည့်သူများအတွက် ပြည်သူ့ကောင်စီ၊ ကလေးကစားကွင်းနှင့် ဘောလုံးကွင်းအပါအဝင် ဖျော်ဖြေရေးအဆောက်အအုံများပါဝင်မည်ဖြစ်သည်။
ERC မှ အထွေထွေအတွင်းရေးမှူးဖြစ်သော ဒေါက်တာ မိုဟာမက် အာတက်ခ် အယ်လ် ဖာလာဟီက ပြောကြားရာတွင် ဆိုကိုထရာတွင် မြို့တော်သစ်အပြင် အခြားစီမံကိန်းပေါင်းများစွာလည်း စတင်တည်ဆောက်နေပြီဖြစ်ကြောင်း ပြောကြားသည်။
ယီမင်နိုင်ငံ၊ ဆိုကိုထရာကျွန်းစုတွင် လွန်ခဲ့သောနှစ်များအတွင်း မုန်တိုင်းများနှင့် သဘာဝဘေးအန္တရာယ်များကျရောက်မှုအတွက် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများပေးပါရန် တောင်းဆိုမှုကို အာရပ်စော်ဘွားများပြည်ထောင်စုမှ ကြိုးပမ်းဖြေရှင်း ပေးမှုတစ်ရပ်လည်း ဖြစ်ကြောင်း ဒေါက်တာ အယ်လ် ဖာလာဟီက ပြောကြားသည်။
ERC ၏ ဥက္ကဌဖြစ်သူ ရှိတ်ခ် ဟမ်ဒန် ဘင် ဇာယစ် အယ်လ် နာယန်က ပြောကြားရာတွင် အာရပ်စော်ဘွားများပြည်ထောင်စု အကြီးအကဲများ၏ လမ်းညွှန်ချက်များသည် ယီမင်ဖွံ့ဖြိုးရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကဏ္ဍများကို အားကောင်းစေ ခဲ့ကြောင်း ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)