အရှေ့တောင်အာရှ၏ အကြီးမားဆုံး အဆောက်အအုံနည်းပညာပြပွဲဖြစ်သော ၃၁ ကြိမ်မြောက် Architect Expo 2017 ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မြောက်ပိုင်း၊ IMPACT Muang Thong Thani အဆောက်အအုံ ၊ Challenger ခန်းမ ၁-၃ တွင် ကျင်းပရန် စီစဉ်လျက်ရှိကြောင်း dot-expo.com တွင် ဖော်ပြသည်။
အဆိုပါပြပွဲကို မေလ ၂ ရက်မှ ၇ ရက်အထိ နေ့စဉ် နံနက် ၁၀ နာရီမှ
ည ၈ နာရီအထိ ပြသသွားမည် ဖြစ်သည်။
ယခု ၃၁ ကြိမ်၏ ပြပွဲခေါင်းစဉ်မှာ “နေအိမ်ကို ပြန်လည်သုံးသပ်ခြင်း”
ဟုဖြစ်ပြီး ဗိသုကာပညာရှင်များနှင့် အခြားဆက်နွှယ်နေသည့် နယ်ပယ်များကို ခေတ်နှင့်အညီအဆင့်မြှင့်တင်ပေးနိုင်ရန်အတွက်သာမက သာမာန်ပြည်သူတို့ကိုလည်း နေအိမ်ဒီဇိုင်းနှင့် နောက်ဆုံးပေါ် တီထွင်ဆန်းသစ်မှုများကို အသိပညာပေးရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်ဟု ဆိုသည်။
ပြပွဲတွင် တရုတ်၊ ထိုင်ဝမ်၊ တောင်ကိုရီးယား၊ ဂျပန်၊ မလေးရှား၊ စင်္ကာပူ၊ အိန္ဒိယ၊ သြစတေးလျ၊ ကမ္ဘောဒီးယား၊ ဂျာမနီ၊ ဟောင်ကောင်၊ ဗီယက်နမ်နှင့် ချက်သမ္မတနိုင်ငံများအပါအဝင် အခြားကမ္ဘာ့နိုင်ငံပေါင်းများစွာမှ ကုမ္ပဏီပေါင်း ၈၅၀ ကျော် ပါဝင်ပြသကြမည်ဖြစ်သည်။
လေ့လာသူပေါင်း ၄၀၀၀၀၀ ခန့်တက်ရောက်မည်ဟု ပွဲစီစဉ်သူများက ခန့်မှန်းထားပြီး ယခင်နှစ်ပြပွဲထက် ၁၅ ရာခိုင်နှုန်းမြင့်တက် လာမည်ဟု ခန့်မှန်းထားသည်။ပြပွဲကို စတုရန်းမီတာ ၇၅၀၀၀ ကျော် ကျယ်ဝန်းသည့်နေရာတွင် ကျင်းပမည်ဖြစ်ပြီး ဆန်းသစ်သည့်ထုတ်
ကုန်နှင့် ဝန်ဆောင်မှုပေါင်း ၁၀၀၀၀၀ ကျော်ပြသသွားမည် ဖြစ်သည်။
ပွဲတက်ရောက်ရန်အတွက် အွန်လိုင်းမှ မှတ်ပုံတင်ပါက ဘတ် ၅၀၀ တန်ကြေးရှိသော ပြပွဲလမ်းညွှန်စာအုပ်အခမဲ့ရရှိမည်ဟု ဆိုသည်။
အွန်လိုင်းတွင် မှတ်ပုံတင်လိုသူများအနေဖြင့် www.ArchitectExpo.com တွင် ဝင်ရောက်မှတ်ပုံတင်နိုင်ကြောင်း ကြေညာထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)