ရပ်ကွက်ပွဲစား ၊ ကွမ်းယာဆိုင်ပွဲစား ၊ ကုမ္မဏီပွဲစား ၊ လမ်းလျှောက်ပွဲစားဆိုတာတွေ အပြင် အခုနောက်ပိုင်းမှာ ပြည်ပကနေ မြန်မာပြည်လာပြီး ခပ်တည်တည်နဲ့ ခမ်းနားတဲ့ ရုံးခန်းဖွင့် ၊သပ်သပ်ရပ်ရပ် ၀တ်စားထားပြီး အပြောကောင်း အဆိုကောင်းတဲ့
ဝန်ထမ်းငယ်ငယ်လေးတွေ ခန့် လုပ်စားနေတဲ့ ပြည်ပပွဲစားတွေ
ကလည်း ရန်ကုန်မြို့မှာ ဆယ်ဂဏာန်းလောက် ရှိလာပါပြီ ။ အခုဆိုရင် မြို့ကြီးတွေသာမက နယ်မြို့တွေက စီးပွားရေး လုပ်ငန်းရှင်တွေ
ကိုပါ ပစ်မှတ်ထားတဲ့ ကျယ်ပြန့်မှု ရှိလာပါပြီ။
ပြည်တွင်းက လူတွေရဲ့ငွေတွေကို ရယူပြီး နိုင်ငံတကာက အိမ်ခြံမြေ ၊ ရွှေ ၊ ဒေါ်လာ ၊ ရေနံ တွေကို ကစားပေးနေတယ် ဆိုတဲ့ ပြည်ပပွဲစားတွေက
လည်း အခုနောက်ပိုင်းမှာတစ်ဖြည်းဖြည်းများပြားလာပြီး ပိုအတင့်ရဲလာပါတယ်။ ခြေရှုပ်လာပါတယ် ၊ စီးပွားရေး လုပ်ငန်းရှင်များ အသိုင်းအ၀ိုင်းမှာလည်း တိုးတိုးတိတ်တိတ် တစ်ဖုံ ၊ အသိပေးသလို
မျိုးနဲ့ အချင်းချင်း လက်တို့ပြီး သတိပေးကြပေမယ့် အခုအချိန်ထိ ခံခဲ့ရတဲ့ လူတွေကလည်း မနည်းလှဘူးလို့ ဆိုပါတယ် ။
data အချက်အလက်တွေ ၊ ကိန်းဂဏာန်းအများကြီးနဲ့ အေးစက်သန့်ရှင်းနေတဲ့ ရုံးခန်းထဲမှာ projector တွေနဲ့ ရှင်းပြနေတဲ့ နိုင်ငံခြားသား တစ်ယောက်ကို ဘယ်သူကမှ သူပြောနေတာ ဟုတ်ရဲ့လားဆိုတာ ပြန်မေးဖို့ တော်တော်လေး စဉ်းစားကြမှာ သေချာပါတယ် ။ အားနားတက်တဲ့ ကျွန်တော်တို့လူမျိုးတွေရဲ့ စိတ်အခံ နဲ့ နိုင်ငံခြားသားဆိုရင် မသိစိတ်ကပါ နည်းနည်း ယုံကြည်တက်တဲ့ စိတ်ကြောင့် လုပ်ငန်းရှင်ငယ်တော်တော်များများက သူတို့ရဲ့ပစ်မှတ်တွေ ဖြစ်သွားတာများပါတယ် ။ မှန်မှန်ကန်ကန် လုပ်နေရင် ပြသနာ မရှိပေမယ့် နိုင်ငံတော်က တရားဝင် သူတို့ကို ငွေကြေးဆိုင်ရာ လုပ်ငန်းတွေ ခွင့်ပြုထားတာ မရှိတဲ့အတွက် ပြသနာတစ်ခုခုဖြစ်လာရင် အရင်ဆုံးခံစားရမှာက
ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေဘဲဖြစ်ပါတယ် ။
တရုတ်ခေါင်းဆောင်ကြီး ပြောဖူးတဲ့ စကားပုံလေး တစ်ခုအတိုင်းဘဲ တံခါးတချပ်ကို ဖွင့်လိုက်ရင် လေကောင်းလေသန့်လည်း ၀င်လာနိုင်သလို အမှိုက်သရိုက်တွေ ၊ အနံ့ဆိုးတွေလည်း ၀င်လာတက်ပါတယ် ၊
Globalzation ခေတ်ကြီးထဲမှာ တခါးပိတ်ထားဖို့ ဆိုတာကလည်း
ယနေ့ ကမ္ဘာမှာ ဖြစ်နိုင်ခြေ နည်းပါတယ် ၊ ကွန်မြူနစ် နိုင်ငံတစ်ခုတစ်လေ လောက်ဘဲ ပြင်ပ ကမ္ဘာနဲ့ အဆက်အဆံ မလုပ်တာဖြစ်ပါတယ်။ လုံးဝ တံခါးပိတ်ထားဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။
စီးပွားရေး အခွင့်အလမ်း ဖွင့်ပြီး ဒီမိုကရေစီ စနစ်ကို လျှောက်လှမ်းနေတဲ့ နိုင်ငံမျိုး ၊ လူထုခေါင်းဆောင် အမေ ဒေါ်အောင်ဆန်းစုကြည်ရဲ
ကမ္ဘာအလယ်က ထင်ရှားတဲ့ပုံရိပ်တွေကြောင့် နိုင်ငံတကာ
ကလုပ်ငန်းရှင်တွေ ၊ စီးပွားရေးသမားတွေ မြန်မာပြည်ကို
စိတ်ဝင်စားမှု များပြားလာတာ အားလုံးအသိဘဲ ဖြစ်ပါတယ် ။
အခွင့်အရေးယူချင်တဲ့ နိုင်ငံခြားသား လူလည်တွေ ၊ စည်းကမ်းတွေ တင်းကျပ်လို့ မိမိတို့ နိုင်ငံမှာ လုပ်စားရ အဆင်မပြေလို့ ဖွံ့ဖြိုးတိုးတက်ဖို့ အရှိန်ယူဖို့ အားထုတ်နေတဲ့ နိုင်ငံတွေမှာ လာပြီး လူလည်လုပ်စီးပွားရှာချင်တဲ့ နိုင်ငံခြားသား ပွဲစားကုမ္မဏီတွေကလည်အခုဆို ရန်ကုန်မှာ ခြေကုပ်ယူဖို့ ကြိုးစားနေကြတယ်။ သူတို့ နိုင်ငံတွေ စည်းစနစ် ဥပဒေ တင်းကျပ်လာသလို အခွန်နှုန်းထားမြင့်မားတာကြောင့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို ဦးတည်လာတဲ့ နိုင်ငံတကာ ပွဲစားကုမ္မဏီတွေကလည်း အခုနောက်ပိုင်း တော်တော်လေးများလာပါပြီ ။
ခေတ်အဆက်ဆက်မှာ ပွဲစားလို့ဘဲ ခေါ်ခေါ် ၊ အကျိုးဆောင်လို့ ဘဲ
ပြောပြော နှစ်ဦးနှစ်ဖက် အဆင်ပြေလို့ ပုံမှန်အတိုင်း အကျိုးဆောင်ခ
ရယူပြီး ၀န်ဆောင်ခရယူတာ ပြသနာမရှိပါဘူး ၊ ပြည်တွင်း နိုင်ငံသားကုမ္မဏီတွေတောင် နိုင်ငံတော်မှာ ၀န်ဆောင်မှု ကုမ္မဏီ ဆိုပြီး အခွန်ပေးဆောင်ပြီး ဖွင့်လှစ်လုပ်ဆောင်ရတာဖြစ်ပါတယ် ။ ဒါတောင် ငွေကြေးဆိုင်ရာ ၀န်ဆောင်မှု လုပ်ငန်းတွေ လုပ်မယ်ဆိုရင် တင်းကျပ်တဲ့ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းတွေ အောက်ကဘဲ လုပ်လို့ရတာဖြစ်ပါတယ် ။
ကုမ္မဏီတစ်ခု အဖွင့်ပြ ၊ အေးစက်နေတဲ့ အဲကွန်းဖွင့်ထားတဲ့ ခမ်းနားတဲ့ ရုံးခန်းကြီးကို ဌားဖွင့် ၊ နက်ကတိုင်နဲ့ သပ်သပ်ရပ်ရပ် ၀တ်စားထားတဲ့ ၀န်ထမ်းတွေ ကိုခန့်ပြီး ပြည်တွင်းလုပ်ငန်းရှင်တွေ ရဲ့ ငွေကို နိုင်ငံတကာ အိမ်ခြံမြေ ၊ စတော့ ၊ ရွှေ ၊ ရေနံ ဈေးကွက်တွေမှာကစားဖို့ ငွေထည့်ခိုင်းတဲ့ ပြည်ပ ပွဲစားကုမ္မဏီတွေကိုလည်း ပြန်စီစစ်ဖို့ သင့်ပါတယ် ။
နိုင်ငံတွင်းမှာ လည်ပတ်ရမယ့် ငွေတွေ မလည်ပတ်နိုင်တဲ့ အပြင် တရားဝင်လုပ်ငန်းတွေ မဟုတ်တဲ့ အတွက် နိုင်ငံတော်အတွက်လည်း အခွန်ဘဏ္ဍာ မရသလို ၊ သူတို့ဘက်က မရိုးမသား လုပ်သွားရင်လည်း ခံစားရမှာ က ကိုယ့်ပြည်သူတွေဘဲဖြစ်ပါတယ် ၊ အကျိုးဆက်ကတော့ နှေးကွေးနေတဲ့ မြန်မာစီးပွားရေးကို ပိုပြီးနှေးကွေးသွားစေမှာဖြစ်ပါတယ် ။ ငွေအများစု လည်ပတ်ရမယ့် ပြည်တွင်းအိမ်ခြံမြေ နဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ အတွက်လည်း အတိုင်းအတာ တစ်ခုအထိ ထိခိုက်မှုရှိနိုင်ပါတယ်။
နှေးကွေးနေတဲ့ မြန်မာစီးပွားရေး ဈေးကွက်ထဲမှာ ငွေကိုင်ထားပြီး ဆုံးရှုံးမှာစိုးလို့ ငွေတွေကို သိမ်းထားတဲ့ လူတွေက သူတို့ ဈေးကွက်အတွက် ပစ်မှတ်လို ဖြစ်နေပါတယ် ၊ ကြားသိရတဲ့ သတင်းအချက်အလက်တွေ အရဆိုရင်လည်း အနည်းဆုံး သူတို့က တဆင့် နိုင်ငံတကာ ဈေးကွက်မှာ ကစားမယ် ဆိုရင် အနည်းဆုံး ဒေါ်လာ ၅၀၀၀ သို့မဟုတ် ဒေါ်လာ ၁၀၀၀၀ ဦးဆုံး ထည့်ဝင်ခိုင်းပါတယ် နိုင်ငံတကာ က မြတ်စွန်းနိုင်တဲ့ ဈေးကွက်အခြေအနေကို မှန်းဆပြီး ပြည်တွင်းက ငွေထုတ်ပိုက်ခိုင်းတဲ့ လူတွေကို ကစားခိုင်းတာ ဖြစ်ပါတယ် ၊ သူတို့ အတွက် အကျိုးအမြတ်ကတော့ တစ်ကြိမ်ကစား တိုင်း ဝန်ဆောင်ခ ဒေါ်လာ ၅၀ သို့မဟုတ် ဒေါ်လာ ၁၀၀ ကို ယူပါတယ် ၊ ရှုံးသည်ဖြစ်စေ မြတ်သည် ဖြစ်စေ ပွဲခယူပါတယ် ။ ကျေနပ်လို့ ငွေထည့်ပြီး သူတို့ကို ကစားခိုင်းတာဖြစ်ပေမယ့် ဒီလူတွေ အတွက် ဘယ်သူက အာမခံပေးမှာလဲ ဆိုတာ လည်း အခုအချိန်ထိ ရှင်းရှင်းလင်းလင်းမရှိပါဘူး ၊။ ငွေထုတ်ပိုက် ရုံးခန်းပိတ် လစ်ပြေးတဲ့ သာဓက ကလည်း မြန်မာစီးပွားရေး သမိုင်းမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခု အတွင်း လူတော်တော်များများ ကြုံတွေ့ခဲ့ရပြီးဖြစ်ပါတယ် ။
ပြည်တွင်းက ငွေကြေးဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးရဲ့ အဆိုကတော့ သူတို့က ကုမ္မဏီ တစ်ခု ဟန်ပြဖွင့်ပြီး လုပ်နေတာ ဖြစ်ပါတယ်။ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေက သူတို့ကို အသိအမှတ်ပြုထားခြင်း လိုင်စင်ထုတ်ပေးထားခြင်းလည်း မရှိပါဘူး တဲ့ ၊ အကျိုးဆက်အနေနဲ့ ဒေါ်လာငွေတွေ ပြည်ပကို တရားမ၀င် စီးထွတ်စီးဝင်ကြသလို ပမာဏ များရင်များသလောက် ပြည်တွင်းမှာ လည်ပတ်ရတဲ့ ငွေကြေး မလည်ပတ် နိုင်လို့ မြန်မာစီးပွားရေးကိုလည်း အတိုင်းအတာ တစ်ခုအထိ အကျိုးသက်ရောက်မှု ရှိပါတယ် ။
လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခု အတွင်း ပြည်သူတွေရခဲ့တဲ့ ငွေကြေးဆိုင်ရာလိမ်လည်ဆုံးရှုံးမှု တွေကြောင့် အခုချိန်ထိ ဘ၀ပျက်သွားပြီး နလန်မထူနိုင်တဲ့ မိသားစုတွေ ၇ဲ့ ဒဏ်ရာဒဏ်ချက်တွေကလည်း မကျက်သေးပါဘူး ၊ နိုင်ငံခြားသားအဖွဲ့အစည်းတွေ ဖြစ်တဲ့ အပြင် အစိုးရကလည်း အခုလို ကစားဖို့ တရားဝင်လိုင်စင်ထုတ်ပေးထားခြင်း မရှိတာကြောင့် ဒီအဖွဲ့တွေဆီကို ယုံယုံကြည်ကြည် ငွေထည့်ကစားခိုင်းတဲ့ လူတွေဆီက ပိုက်ဆံတွေသာ မပြေးပြီး ပေါ်မလာဇတ်ကား ရိုက်ရင်တော့ အထိနာမယ့် သူတွေက ကိုယ့်ပြည်တွင်းက လူတွေဘဲဖြစ်ပါတယ် ။
ပြည်တွင်းမှာ အလုပ်အကိုင် မကောင်းလို့ စီးပွားရေးသမားတွေ ၊ တစ်နိုင်တစ်ပိုင် ငွေလက်ဝယ်ရှိသူတွေ ဘာလုပ်ရမလဲ လို့
ငွေထုတ်ပိုက် စဉ်းစားနေချိန် ၊ ပြည်တွင်းက အခြေခံ အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းတွေ ၊ ငွေကြေးလည်ပတ်မှု အားကောင်းတဲ့ အိမ်ခြံမြေ နဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ ရဲ့ အခြေအနေကို ငွေထုတ်ပိုက် စောင့်ကြည့်နေချိန်ဖြစ်တာကလည်း သူတို့အတွက် အလုပ်အဖြစ် ဆုံးအချိန်ကာလဖြစ်လို့နေပါတယ် ။
အခုလို ပြည်ပပွဲစားတွေရဲ့ ဘယ်လောက်ရင်းရင် ဘယ်လောက်အမြတ်အစွန်း ရှိတယ် ဆိုတဲ့ မက်လုံးကြောင့် ငွေတွေ ဒီအတိုင်းထားမယ့်အတူတူ တစ်ခေါက်လောက်တော့ စွန့်စားကြည့်လိုက်ရင် ကောင်းမလားလို့
တွေးနေတဲ့ လုပ်ငန်းရှင်တွေကလည် သူတို့တွေရဲ့ ပစ်မှတ်ဖြစ်ပါတယ် ၊ နိုင်ငံတော်အနေနဲ့လည်း ပြည်သူတွေအကျိုး
အတွက်တရားမ၀င် ငွေကြေးဈေးကစားနေတဲ့
ပွဲစားတွေကို ပြန်လည်စီစစ်ထိန်းညှိပေးဖို့
အချိန်ရောက်ပြီဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ပါတယ် ။
ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com