ဗီယက်နမ်နိုင်ငံတွင် လူသိနည်းပါးသော ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုက ကန်ဒေါ်လာ သန်း ၂၅၀ ကျော်သုံးစွဲကာ အပန်းဖြေကာစီနို လောင်းကစား ဝန်းကြီးတစ်ခု ကမ္ဘောဒီးယားနယ်စပ်မြို့ ကလေးဖြစ်သော ဘာဗက်တွင် တည်ဆောက်ရန် စီစဉ်လျှက် ရှိကြောင်း ကမ္ဘောဒီးယား ထိပ်တန်းအရာရှိ တစ်ဦးက အတည်ပြုပြောကြားသည်ဟု ဖနွမ်းပင် အခြေစိုက် အိမ်ခြံမြေသတင်း ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါ စီမံကိန်းသည် ကာစီနိုစီမံကိန်းဟု ဆိုသော်လည်း ဘက်စုံသုံးစီမံကိန်းတစ်ခုဖြစ်ပြီး ဟော်တယ် ကာစီနိုနှင့် ရေပန်းဥယျာဉ်
တို့ ပါဝင်မည်ဖြစ်သည်။
စီမံကိန်း ပထမ အဆင့်တွင် Empire World City ဟုအမည်ပေးထားသော မြို့ ကို ဆောက်လုပ်မည် ဖြစ်သည်။
စီမံကိန်းကို ကွပ်ကဲမည်မှာ ဗီယက်နမ်မှ Virtue Resources ဖြစ်ပြီး ယင်း၏ကုမ္ပဏီခွဲ ဖြစ်သော မလေးရှားကုမ္ပဏီ VR Capital Holding Sdn Bhd မှတစ်ဆင့် စီမံကိန်းအကောင်အထည်ဖော်သွားမည်ဖြစ်သည်။
အဆိုပါစီမံကိန်းကို ကမ္ဘောဒီးယားမြေယာဖွံ့ ဖြိုးရေးနှင့် မြို့ ပြစီမံကိန်း ဝန်ကြီးဌာနမှ အတည်ပြုခွင့်ပြုချက် ပေးခဲ့ပြီးဖြစ်ကြောင်း ကမ္ဘောဒီးယား စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန MEF မှ ဘဏ္ဍာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ရော့စ်ဖီရန်က ပြောကြားသည်။
“ဒီစီမံကိန်းကို အစိုးရက အတည်ပြုပေးပြီးပါပြီ။သူတို့အနေနဲ့ ကာစီနိုလိုင်စင်ယူဖို့အတွက်ပဲ MEF ကို နောက်တစ်ကြိမ်ပြန်လာဖို့လိုပါတယ်”ဟု ရော့စ်ဖီရန်က ပြောကြားသည်။
Virtue Resources ကုမ္ပဏီသည် ကမ္ဘာလုံးဆိုင်ရာ ဗိသုကာကုမ္ပဏီ 3Ti Progetti Asia Ltd နှင့် ဒေါ်လာ သန်း၂၀၀ တန်စာချုပ်တစ်ခု ၊ စီမံကိန်းအတွက် မြေဝယ်ရန် ဒေါ်လာ သန်း ၅၀ တန်စာချုပ်တစ်ခု ချုပ်ဆိုခဲ့ကြောင်း ကမ္ဘောဒီးယား အခြေစိုက် သတင်းမီဒီယာတို့က ဖော်ပြသည်။
စီမံကိန်းပြီးစီးရန် ၁၀ နှစ်ခန့် အချိန်ယူ ဆောက်လုပ်ရမည်ဖြစ်ပြီး စီမံကိန်းပြီးစီးပါက ဒေသတွင်းတွင် အွန်လိုင်းကာစီနို အချက်အခြာနေရာတစ်ခု ဖြစ်လာမည်ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)