ကမ္ဘောဒီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ကရာချီပြည်နယ်၊ ဆမ်ဘာခရိုင်တွင် လက်ဖြောင့်သေနတ်ပစ်လေ့ကျင့်ကွင်း ဆောက်လုပ်ရန် စီစဉ်လျက်ရှိသော မြေနေရာတွင် စစ်တပ်က ခြံစည်းရိုးကာရန် ကြိုးပမ်းမှုကို ကျေးရွာသားတို့က ဟန့်တားလျက်ရှိခြင်းကြောင့် တင်းမာမှုများ ပေါ်ပေါက်လျက်ရှိကြောင်း ဖနွမ်းပင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ယင်းမြေနေရာအရေးသည် ကမ္ဘောဒီးယားစစ်တပ်နှင့် ကျေးရွာသားတို့
အကြား ပိုင်ဆိုင်မှုအငြင်းပွားလျက်ရှိသည်မှာ ၂ နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ဆမ်ဘာခရိုင်၊ အိုကန်ဒီကျေးရွာဝန်းကျင်ရှိ ဟက်တာ အကျယ်အဝန်းရှိသော မြေနေရာအတွက် အငြင်းပွားလျက်ရှိခြင်းဖြစ်ပြီး ယင်းဒေသတွင် အခြေစိုက်တပ်စွဲထားသော တပ်ရင်း ၄၂ နှင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
၂ နှစ်ကျော်အငြင်းပွားနေခဲ့သော အဆိုပါမြေနေရာအရေးသည် ယခုအခါပြန်လည်တင်းမာလာခဲ့ရခြင်းမှာ တပ်ရင်း ၄၂ မှ စစ်သည်
တစ်ဦးက ရိုင်ဖယ်သေနတ်တစ်လက် ကိုင်ဆောင်လာခဲ့ပြီး စစ်သည် ၁၀ ဦးသည် ခြံစည်းရိုးခတ်ရန် ပစ္စည်းများ သယ်ယူလာခဲ့ချိန်တွင် ရွာသားတို့နှင့် ထိပ်တိုက်တွေ့ခဲ့ကြခြင်း ဖြစ်သည်။
လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် ကျေးရွာသားတို့၏ ပြောကြားချက်အရ ဒေသခံတို့သည် အဆိုပါမြေနေရာတွင် ၁၉၉၇ ခုနှစ်ကတည်းက ထွန်ယက်စိုက်ပျိုးလာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ကျွန်မ စစ်သားတွေရဲ့ ထွန်စက်ရှေ့မှာ သွားပြီး မတ်တပ်ရပ်ခဲ့ပါတယ်။ ကျွန်မကို ပစ်သတ်လိုက်ဖို့ သူတို့ကိုပြောလိုက်တယ်။ ဒါပေမယ့် သူတို့ မလုပ်ပါဘူး” ဟု ကျေးရွာသူတစ်ဦးဖြစ်သူ ဖန်စီနာက ပြောကြားသည်။
စစ်သည်များသည် သူ၏ မီတာ ၁၈၀× ၆၀၀ အကျယ်အဝန်းရှိသည့်မြေကွက်ကို သေနတ်ပစ်ကွင်းလုပ်ရန် ၂၀၁၅ ခုနှစ်ကတည်းက ကြိုးပမ်းနေခြင်းဖြစ်ကြောင်း စီနာက ပြောကြားသည်။
“သူတို့ရဲ့မြေပေါ်ကို ကျူးကျော်တယ်လို့ စစ်သားတွေက ကျွန်မတို့ကို စွပ်စွဲပါတယ်။ ကျွန်မကလည်း ပြောလိုက်ပါတယ်၊ ကျွန်မသာ ကျူးကျော်ခဲ့တယ်ဆိုရင် အရိုက်အနှက်ခံရပြီး ခုချိန်လောက်ဆို ထောင်ထဲရောက်နေတာကြာပြီလို့” ဟု စီနာက ဆက်လက်ပြောကြားသည်။
စစ်သည်များသည် သူစိုက်ပျိုးထားသော သီဟိုဠ်ပင်များ ရာနှင့်ချီ၍ ခုတ်လှဲခဲ့သည်ဟုလည်း စီနာက ပြောကြားသည်။
တပ်ရင်း ၄၂ မှ ဒုတိယဗိုလ်မှူးကြီး ဆွန်ဝိုင်က ပြောကြားရာတွင်မူ စစ်သည်များသည် အဆိုပါဒေသတွင် ရွာသားများ မရောက်ရှိသေးမီ ကတည်းကပင် အခြေချနေထိုင်ခဲ့ကြခြင်းဖြစ်သည်ဟု ပြောကြားသည်။
“ဒီမြေနေရာက တောင်ပေါ်ဒေသဖြစ်ပြီး နိုင်ငံတော်ကပိုင်တဲ့နေရာပါ” ဟု ဒုဗိုလ်မှူးကြီးက ပြောကြားသည်။
သေနတ်ပစ်ကွင်းဆောက်လုပ်ရန် စီစဉ်နေသော နေရာသည် ကျေးရွာနှင့်လည်း ၂ ကီလိုမီတာခန့် ဝေးကွာကြောင်းလည်း ဒုဗိုလ်မှူးကြီးက ဆက်လက်ပြောကြားသည်။
လူ့အခွင့်အရေးလှုပ်ရှားသည့်အဖွဲ့မှ စုံစမ်းရေးမှူးတစ်ဦးဖြစ်သူ ဘီဗန်နီက ပြောကြားရာတွင် စစ်သည်တို့အနေဖြင့် အငြင်းပွားမြေနေရာကို ရယူရန် ဆုံးဖြတ်ထားသည်ဆိုပါက မြေနေရာအစားပြန်ပေးသင့်ကြောင်း
ပြောကြားခဲ့ပြီး ယခုအငြင်းပွားမှုကို မျက်ကွယ်ပြုနေသည့် ဒေသတွင်းအာဏာပိုင်တို့ကိုလည်း ဘီဗန်နီက ရှုတ်ချခဲ့သည်။
လက်ထောက်ပြည်နယ်အုပ်ချုပ်ရေးမှူး ပန်လီနတ်က ပြောကြားရာတွင် ယခုအငြင်းပွားမှုကို ၎င်းအနေဖြင့်
မသိရှိခဲ့ကြောင်း ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)