စင်္ကာပူနိုင်ငံတွင် မတ်လက ပုဂ္ဂလိကအိမ်ခန်းသစ် ၁၇၈၀ ခန်း ရောင်းချခဲ့ရပြီး ၉၇၉ ခန်း ရောင်းချခဲ့ရသည့် ဖေဖော်ဝါရီလကထက် ၈၁ ဒသမ ၈ ရာခိုင်နှုန်း ရောင်းအား မြင့်တက်ခဲ့သည်။
၈၄၃ ခန်း ရောင်းချခဲ့ရသည့် ယမန်နှစ် မတ်လကထက်မူ ၁၁၁ ဒသမ ၂ ရာခိုင်နှုန်းပင် မြင့်တက်ခဲ့သည်။
ထိုကိန်းဂဏန်းသည် ရောင်းအားစံချိန်တင်ခဲ့သည့် ၂၀၁၃ ခုနှစ် ဇွန်လနောက်ပိုင်း အမြင့်ဆုံးနှုန်းလည်းဖြစ်ကြောင်း ကမ္ဘာ့အိမ်ခြံမြေ၀န်ဆောင်မှုကုမ္ပဏီ JLL က ထုတ်ပြန်ခဲ့သည်။
Grandeur Park Residences အဆင့်မြင့်အိမ်ရာက မတ်လတွင် ရောင်းအားအကောင်းဆုံးစီမံကိန်းအဖြစ် ၄၈၀ ခန်း ရောင်းချခဲ့ရပြီး
Park Place Residences က ၂၁၇ ခန်း ရောင်းချခဲ့ရကာ ဒုတိယရောင်းအားအကောင်းဆုံးနှင့် Parc Riviera က ၁၆၃ ခန်း ဖြင့် တတိယရောင်းအားအကောင်းဆုံးဖြစ်ခဲ့သည်။
အစိုးရနှင့် ပုဂ္ဂလိကဖက်စပ်အိမ်ရာများဖြစ်သည့် executive condominium (EC) များကိုမူ ၅၇၈ ခန်း ရောင်းချခဲ့ရပြီး ဖေဖော်ဝါရီလကထက် ၇၅ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ယမန်နှစ်မတ်လကထက် ၁၉ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
ရောင်းချသူများ ပေးဆောင်ရသည့် အခွန်နှုန်းထားအား မတ် ၁၀ မှစတင်ကာ လျှော့ချလိုက်ခြင်းက မတ်လအတွင်း အိမ်သစ်ရောင်းအားအပေါ် သက်ရောက်မှုရှိမည်ဟု ဈေးကွက်လေ့လာသူများက ကြိုတင်ခန့်မှန်းခဲ့ကြပြီးဖြစ်သည်။
"၂၀၁၆ ခုနှစ်က ဈေးနှုန်းအတော်လေးကျဆင်းခဲ့တာကြောင့် ရောင်းအားတဖြည်းဖြည်း
တက်လာခဲ့ပါတယ်။ အခုလက်ရှိရောင်းအားအခြေအနေအတိုင်း ဆက်သွားမယ်ဆိုရင် ဈေးကွက်မှာ ဈေးနှုန်းကျသထက်ကျကာ ရောင်းအားပိုကောင်းလာပြီး အလှည့်အပြောင်း
ဖြစ်လာနိုင်ပါတယ်" ဟု စင်္ကာပူနိုင်ငံဆိုင်ရာ JLL သုတေသနနှင့်အတိုင်ပင်ခံဒါရိုက်တာ အွန်တက်ဟွေက ပြောကြားခဲ့သည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com