အငြိမ်းစာတွေ အတွက် အခုတလော ဝန်ထမ်းအိမ်ရာ တည်ထောင်ပြီး နေရာချပေးမယ်လို့ အသံတွေတော်တော်လေး ထွတ်လာပါတယ် ၊ မင်္ဂလာရှိတဲ့ သတင်းကောင်းလေးလည်း ဖြစ်ပါတယ် ။ ဝန်ထမ်းအိမ်ရာလို့ ပြောလိုက်ပေမယ့်လည်း အခုချပေးမယ့် ဆိုတဲ့ ဝန်ထမ်းအိမ်ရာ ပုံစံက အရင်ပုံစံနဲ့ မတူဘဲ အပိုင်ပေးမယ့် စနစ်ဖြစ်ပါတယ် ၊ အားလုံးသိထားတဲ့ ဝန်ထမ်းအိမ်ရာကတော့ အစိုးရ အလုပ်လုပ်နေတဲ့ အချိန်မှာ နေထိုင်ခွင့်ရပြီး အငြိမ်းစားပင်စင်ယူလိုက်ရင် ဖယ်ပေးရတဲ့ စနစ်ဟောင်းဖြစ်ပါတယ် ။
နှစ်ပေါင်းများစွာ နိုင်ငံတာဝန်ထမ်းဆောင်ပြီးလို့ ပင်စင်ယူခါနီးကျမှ နေစရာ အိမ်အတွက် ခေါင်းပူအောင်စဉ်းစားရတဲ့မိသားစုတွေ အတွက် နောင်ရေးစိတ်အေးအောင် စီစဉ်ပေးတဲ့ စနစ်ဖြစ်လို့ တကယ် အလုပ်ဖြစ်အောင် လုပ်ဖို့လိုပါတယ် ၊ အသိဆရာသမား တစ်ယောက်ဆိုရင် ရာထူးက ငယ်တဲ့ အတွက် ပင်စင်ယူပြီး သူရတဲ့ လုပ်သက်ဆုငွေ သိန်းသုံးဆယ်လောက်နဲ့ ဘယ်နေရာမှ ၀ယ်လို့အဆင်မပြေလို့ အိမ်ဌားနေရပါတယ် ၊ အသက်ကကြီး မလုပ်တက်မကိုင်တက်နဲ့ တတိတိ သုံးလိုက်တာရတဲ့ လုပ်သက်ဆုငွေလေး သိန်းသုံးဆယ် တစ်နှစ်အတွင်း ကုန်သွားတာဘဲ အဖတ်တင်ခဲ့ပါတယ်။
အခုအစိုးရ ကလုပ်ပေးမယ့် အငြိမ်းစား ၀န်ထမ်းအိမ်ရာစနစ်ကို ကြိုဆိုပါတယ် ၊ မြန်မြန် နဲ့မှန်မှန် အကောင်အထည်ဖော်ပေးဖို့လိုအပ်ပါတယ် ။ ရာထူးရာခံ ကြီးကြီးနဲ့ ပင်စင်အငြိမ်းစားယူခဲ့တဲ့ အရာရှိတွေ အတွက်က သိပ်ပြသနာ မရှိနိုင်ပေမယ့် တော်တော်များများ ၀န်ထမ်းငယ်တွေ ပင်စင်ယူခါနီးဆိုရင် ငါတို့ဘယ်မှာ အခြေချမလဲ၊ ရမယ့်လုပ်သက်ဆုငွေလေးကို တွက်ပြီး ကျောတခင်းစာနေရာ အတွက် စိတ်ကူးယဉ်ကြပေမယ့် ယနေ့ခေတ် အိမ်ဈေး မြေဈေး ၊ တိုက်ခန်းဈေးကြောင့် အခက်အခဲဖြစ်တဲ့ လူတွေတော်တော်လေးများလာပါတယ် ။ ပင်စင်ယူပြီး အိမ်ဝယ်တိုက်ခန်းဝယ်နိုင်တဲ့ အငြိမ်းစားဝန်ထမ်းက တော်တော်လေးရှားပါးပါတယ် ။
တစ်နှစ်ကို နိုင်ငံဝန်ထမ်းပေါင်း နှစ်သောင်းကျော် အငြိမ်းစားယူကြတယ်လို့ သတင်းထွတ်လာတဲ့ အတွက် တိုင်းနှင့် ပြည်နယ် အနှံ့မှာ နှစ်တိုင်းနှစ်တိုင်း အိမ်ခန်းပေါင်း တစ်သောင်းကျော်ကျော်လောက် ပုံမှန်ဆောက်ပေးဖို့လိုပါတယ် ၊ ( မယူတဲ့သူတွေ ၊ ကိုယ်ပိုင်အိမ်ရာရှိတဲ့ လူတွေ လာမလျှောက်အောင်တော့ စီစစ်ရမှာဖြစ်ပါတယ် ) ၊ ကောက်ရိုးမီးလို ဟုန်းကနဲ တောက်ပြီး ချက်ခြင်းပျောက်သွားတဲ့ ကိစ္စလို လုပ်လို့မရဘဲ ၊ နှစ်တိုင်းနှစ်တိုင်း လိုအပ်ချက်အလိုက် စဉ်ဆက်မပြတ် ဆောက်လုပ်နေရာချထားပေးဖို့လိုပါတယ်။
ဘယ်လိုနေရာချထားပေးမှာလဲ ၊ ငွေသွင်းတဲ့ စနစ်ကကော မျှတရဲ့လား ၊ ဆောက်မယ့် မြေနေရာကကော အားလုံးနဲ့ အဆင်ပြေမယ့် နေရာဖြစ်ရဲ့လား ဆိုတာကတော့ စနစ်တကျ အာဏာပိုင်တွေ ဘက်က လုပ်ပေးရမှာဖြစ်သလို ဆောက်လုပ်ရေး ကုန်ကျစရိတ်အတွက် ငွေကြေးအပိုင်းကိုလည်း ဘယ်ကနေ ရှာဖွေရမလဲ ဆိုတာ အရေးကြီးပါတယ် ၊ လုပ်ငန်းစီမံချက်တွေ ဘယ်လောက်ကောင်းကောင်း ငွေမရှိလို့ ပျက်သွားရတဲ့ စီမံကိန်းတွေ ခေတ်အဆက်ဆက်မှာ ရေတွက်လို့ မရအောင် များပြားခဲ့လို့ဖြစ်ပါတယ် ။
ဝန်ထမ်းပင်စင်လစာရဲ့ ဘယ်နှစ်ရာခိုင်နှုန်းကို အိမ်လခ အဖြစ်သွင်းခိုင်းမလဲ ၊ ကနဦး down payment ကကော ဝန်ထမ်းအများစုပေးနိုင်မယ့် နှုန်းထားဖြစ်ဖို့လိုပါတယ် ၊ အလားတူ ဆောက်လုပ်ရေး သမားတွေ ဘက်ကလည်း ဝန်ထမ်းတွေ အတွက် ဝန်ထမ်းအိမ်ရာ ဆောက်မယ် ဆိုရင် မှန်မှန်နဲ့ မြန်မြန် ဆန်ဆန် အရည်အသွေးရှိရှိ ဆောက်ပေးရမှာဖြစ်ပါတယ် ၊ ဝန်ထမ်းအိမ်ရာတစ်လုံးတည်း ဆောက်တာထက် အိမ်ရာ အလုံးရေ ရာထောင်ချီ ဆောက်နိုင်တာ နဲ့ အမျှ mass production ဖြစ်လို့ ထုတ်လုပ်မှု ကုန်ကျစရိတ် ၊ ဆောက်လုပ်မှု ကုန်ကျစရိတ်လျှော့ သွားမှာဖြစ်ပါတယ် ၊ ဒါဆို တိုက်ခန်းတန်ဖိုးတွေလည်း ကျပြီး ၀န်ထမ်းအများစု လက်လှမ်းမီ မှာဖြစ်ပါတယ် ။
အစိုးရ ပိုင်းကလည်း အငြိမ်းစား နိုင်ငံဝန်ထမ်းတွေ အတွက် မြို့ပြင် လယ်ကွင်းပြင်ထဲမှာ မြေကြီးပေးဆောက်ခိုင်းတာထက် သွားရေးလာရေး လွယ်ကူ အဆင်ပြေနိုင်မယ့် မြို့သစ်တွေ မှာ နေရာချထားပေးဖို့ အရေးကြီးပါတယ် ၊ ကွင်းခေါင်ခေါင်တည်းမှာ လေးထပ်တိုက်ဆောက်ပြီး မအောင်မြင်ခဲ့တဲ့ အိမ်ရာ စီမံကိန်းတွေကလည်း နမူနာ ယူစရာဖြစ်ပါတယ် ။
အရေးအကြီးဆုံး အချက်ကတော့ လက်ရှိဘဏ်တိုးနှုန်း နဲ့ ဘဏ်ချေးငွေ စနစ်ဖြစ်ပါတယ် ၊ အခုအိုးအိမ်က ရောင်းနေတဲ့ တန်ဖိုးနည်း
တိုက်ခန်းတွေဆိုရင် ပျမ်းမျှ ကျပ်သိန်း ၁၂၀ နှုန်းနဲ့ CHD Bank နဲ့ချိတ်ပြီး ဆယ်နှစ်အရစ်ကျ စနစ်နဲ့ ရောင်းပေးနေတာ ရှိပါတယ် ၊ တိုက်ခန်းလျှောက်တဲ့လူနဲ့ အမှန်ရောင်းနိုင်တဲ့ တိုက်ခန်း အရေအတွက် မမျှတာကြောင့် အသုတ်လိုက်ခွဲပြီး ရောင်းပေးရတယ့် အထိ ဖြစ်နေတဲ့ အခြေအနေဖြစ်ပါတယ် ၊ ကနဦးပေးသွင်းငွေ သိန်း ၃၀ ကျော် နဲ့ လစဉ်ပေးသွင်းငွေက တစ်သိန်းကျော်ဖြစ်လို့ ရာထူးငယ်ပြီး အငြိမ်းစားယူလိုက်ရတဲ့ ၀န်ထမ်းငယ်တွေ သွင်းဖို့ အခက်အခဲရှိနိုင်ပါတယ် ၊ ဖြစ်သင့်ဖြစ်ထိုက်တာကတော့ ပင်စင်စား အငြိမ်းစား ၀န်ထမ်းတွေ အတွက် အိမ်ရာ ရောင်းချပေးတော့မယ် ဆိုရင် တိုက်ခန်းတန်ဖိုးအတွက် ပေးသွင်းရမယ့် ကနဦးပေးသွင်းငွေကို လျှော့ချပေးသွင်းစေရမှာဖြစ်သလို ရတဲ့ပင်စင်လစာငွေ လေးနဲ့ ရပ်တည်ရတဲ့ အတွက်ကြောင့်လည်း တိုက်ခန်းတန်ဖိုးလစဉ်ပေးသွင်းမှု ကို လျော့နည်းအောင် နိုင်ငံတကာ နည်းတူ အနည်းဆုံး နှစ်၂၀ အရစ်ကျ စနစ်နဲ့ ရောင်းချပေးဖို့လိုပါတယ် ၊ ဒါမှလည်း ရာထူးငယ်ငယ် နဲ့ အငြိမ်းစားယူလိုက်ရတဲ့ နိုင်ငံဝန်ထမ်းတွေ လက်လှမ်းမီ နိုင်မှာဖြစ်ပါတယ် ။
အရင်ကလည်း ဒီစနစ်ကို မကျင့်သုံးဖူးပေမယ့် ဒီစနစ်နဲ့ အလားတူ ဆင်တဲ့ ဒဂုံမြို့သစ်မှာ ဝန်ထမ်းတွေကို မြေကွက်ဖိုးသွင်း အိမ်ဆောက်ခိုင်းခဲ့တဲ့ ၁၉၉၀ ဖြစ်စဉ် နဲ့ နေပြည်တော် ပုပ္ပသီရီမှာ မြေကွက်ဖိုးသွင်း အိမ်ဆောက်ခိုင်းတဲ့ ၀န်ထမ်းအိမ်ရာ စနစ်ကိုကျင့်သုံးဖူးခဲ့ပြီးပါပြီ ။ အခုခေတ်ကာလ အခြေအနေအရ မြေရှားပါးလာတဲ့ အတွက် အရင်ခေတ်တွေကလို မြေကွက်ရိုက်နေရာချပြီး အိမ်ဆောက်ခိုင်းထားထက် မြေနေရာနည်းနည်းမှာ တန်ဖိုးနည်းတိုက်ခန်း ဆောက်ပြီး နေရာချထားပေးတဲ့ စနစ်ကို စဉ်းစားလာတာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ် ။
အကျိုးဆက်ကတော့ အငြိမ်းစား နိုင်ငံဝန်ထမ်းတွေ အတွက်လည်း နေစရာ အိမ်ခန်းလေးတစ်ခု ပိုင်ဆိုင်သွားမှာဖြစ်သလို ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်သူတွေ ၊ဘဏ်တွေ အတွက်လည်း အလုပ်အကိုင်အခွင့်အလမ်း တွေ ရလာမှာဖြစ်ပါတယ် ၊ နိုင်ငံတော်အတွက်လည်း အခွန်ဘဏ္ဍာ ရရှိလာသလို အေးစက်နေတဲ့ အိမ်ခြံမြေဈေးကွက် နဲ့ ဆောက်လုပ်ရေး လုပ်ငန်း တွေမှာ လည်း ငွေကြေးပြန်လည်စီးဝင်လာမှာဖြစ်တဲ့ အတွက် အားလုံးအဆင်ပြေမှာဖြစ်လို့ အမြန်ဆုံး စနစ်တကျ နဲ့ အငြိမ်းစားဝန်ထမ်း အိမ်ရာစနစ်ကို အကောင်အထည် ဖော်ဖို့ လိုအပ်လာပြီဖြစ်ပါကြောင်း တိုက်တွန်းရေးသား လိုက်ပါသည်။
ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com