တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းတွင် အုပ်ချုပ်ရေးအာဏာပိုင်တို့သည် နေအိမ်ပေါင်း ၁ ဒသမ ၅ သန်းလိုအပ်နေသည့် ဈေးကွက်လိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်ရန်အတွက် မြေဟက်တာပေါင်း ၆၀၀၀ ( ၁၄၈၂၆ ဧက) ကို ပြန်လည်စွန့်လွှတ်ပေးရန် စီစဉ်လျက်ရှိကြောင်းအိုးအိမ်အာဏာပိုင်တို့ကပြောကြားသည်ဟုဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြသည်။
ပေကျင်း မြို့ပြစီမံကိန်းနှင့် မြေယာ၊ အရင်းအမြစ်များစီမံခန့်ခွဲရေး မြူနီစပယ်ကော်မရှင်ကထုတ်ပြန်ရာတွင် ယခု ၂၀၁၇ ခုနှစ်အတွင်းမြေဟက်တာပေါင်း ၁၂၀၀ စွန့်လွှတ်ပေးမည်ဖြစ်ပြီးနေအိမ်ခန်းပေါင်း ၃၀၀၀၀၀ ဆောက်လုပ်နိုင်မည် ဖြစ်သည်ဟုထုတ်ပြန်ထားသည်။
၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အကြားနေအိမ်ခန်းပေါင်း ၁ ဒသမ ၅ သန်းဆောက်လုပ်သွားရန် စီစဉ်လျက်ရှိပြီးမြေအကျယ်အဝန်းစုစုပေါင်းစတုရန်းမီတာသန်း ၆၀ ပေါ်တွင် တည်ဆောက်သွားမည်ဖြစ်ရာယင်းအကျယ်အဝန်းမှာဘောလုံးကွင်းပေါင်း ၈၀၀၀ ကျော်၏ အကျယ်အဝန်းနှင့် ညီမျှသည်။
လာမည့် ၅ နှစ်တာကာလအတွင်းစွန့်လွှတ်ပေးသွားမည့် အဆိုပါမြေယာများ၏ ၇၀ ရာခိုင်နှုန်းကိုနေအိမ်များဆောက်လုပ်ရာတွင် အသုံးပြုသွားမည်ဖြစ်ပြီးကျန် ၃၀ ရာခိုင်နှုန်းကိုမူအငှားအိမ်ရာများဆောက်လုပ်သွားမည်ဟုဆိုသည်။
အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လျက်ရှိသော မြို့များအနေဖြင့် မြေယာထောက်ပံ့ပေးမှု မြှင့်တင်ရန် တရုတ်ဝန်ကြီးချုပ် လီခချန်ကတိုက်တွန်းထားသည်။
တရုတ်နိုင်ငံတွင် အိမ်ခြံမြေဈေးနှုန်းများတစ်နှစ်ထက်တစ်နှစ် ခေါင်ခိုက်လာလျက်ရှိရာ ၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်းကတစ်စတုရန်းမီတာလျှင် ယွမ် ၃၇၂၂၁ သာရှိခဲ့ရာမှ ၂၀၁၇ နှစ်စပိုင်းတွင် တစ်စတုရန်းမီတာလျှင် ယွမ် ၆၀၇၃၈ (ကန်ဒေါ်လာ ၈၈၂၀) အထိ မြင့်တက်လာသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)