အမေရိကန်ပြည်ထောင်စု၏ နာမည်ကျော် သံမဏိသူဌေးကြီး အင်ဒရူးကာနက်ဂျီမိသားစု ပိုင်ဆိုင်ခဲ့ဖူးသော နွေရာသီစံအိမ်ကြီးသည် မူလခေါ်ဈေးမှ ကန်ဒေါ်လာ ၈ သန်းလျှော့ချကာ အရောင်းဈေးကွက်
သို့ ပြန်လည်ဝင်ရောက်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
နေအိမ်တည်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဆောက်သမ်တန်မြို့၊ လောင်းအိုင်းလန်းအရပ်၊ Coopers Neck Lane တွင် ဖြစ်သည်။
၂၀၁၅ ခုနှစ်က အရောင်းဈေးကွက်သို့ တင်ခဲ့သည့်ဈေးနှုန်းမှာ
ကန်ဒေါ်လာ ၃၇ ဒသမ ၅ သန်းဖြစ်သည်။
ဈေးကွက်တွင် ကာလအတန်ကြာရောင်းမထွက်ခဲ့သည့်နောက်ပိုင်း
ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွားခဲ့ကာ ယခုအခါတွင် ကန်ဒေါ်လာ ၈ သန်းဈေးလျှော့ချခဲ့ပြီး ၂၉ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ပြန်တင်လာခဲ့ခြင်း ဖြစ်သည်။
အင်ဒရူးကာနက်ဂျီ၏ မိသားစုဝင်များက နွေရာသီအပန်းဖြေစံအိမ်အဖြစ် အသုံးပြုရန် အဆိုပါ သုံးထပ်အဆောက်အအုံကို ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
လက်ရှိပိုင်ရှင်မှာ ဘဏ်လုပ်ငန်းရှင် ရောဘတ်တို ဒီ ဂွါဒီယိုလာနှင့် ဇနီးဖြစ်သူ interior designer ဂျိုအန်ဒီ ဂွါဒီယိုလာတို့ ဖြစ်ကြသည်။
ဝေါစထရိဂျာနယ်၏ ဖော်ပြချက်အရ အင်ဒရူးကာနက်ဂျီ၏ တူတော်စပ်သူ သောမတ်စ် မော်ရစ်ဆန် ကာနက်ဂျီ (ဂျူနီယာ) က ၂၀ ရာစုအတွင်း ဝယ်ယူပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပြီး ၁၉၅၀ ပြည့်လွန်ကာလများအထိ ကာနက်ဂျီမိသားစုက ပိုင်ဆိုင်ထားခဲ့သည်။
အတ္တလန္တိတ်သမုဒ္ဒရာနှင့် မိုင်ဝက်ခန့်သာ ဝေးကွာပြီး ဂန္ထဝင် ရှင်းဂဲလ်ဗိသုကာဟန်ဖြင့် ၁၈၉၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
ခြံဝန်းအကျယ်မှာ ၄ ဒသမ ၆ ဧကကျယ်ဝန်းပြီး နေအိမ်ကြမ်းခင်းဧရိယာမှာ စတုရန်းပေ ၁၂၀၀၀ ခန့် ရှိသည်။
နေအိမ်အတွင်း အိပ်ခန်း ၁၁ ခန်းပါဝင်ပြီး ခြံဝန်းအတွင်းတွင် ပေ ၅၀ အလျားရှိ ရေကူးကန်နှင့် တင်းနစ်ကွင်းတစ်ခုတို့ ပါဝင်သည်။
ဆောက်ပ်သမ်တန်အရပ်တွင် ဈေးအကြီးဆုံးနေအိမ်မှာ Gin Lane ရှိ အဆောက်အအုံနှစ်လုံးပါ နေအိမ်ခြံဝန်းကြီးဖြစ်ပြီး ကန်ဒေါ်လာ ၁၄၅ သန်း တန်ကြေးရှိသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)