ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်သည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့ ဘီဗာလီဟေးရှိ သူ၏ နေအိမ်ကြီးကို ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံအဖြစ် သတ်မှတ်ပေးပါရန် လျှောက်ထားခဲ့ရာ ဘီဗာလီဟေးလ် မြို့ကောင်စီက လက်ခံအတည်ပြုလိုက်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါနေအိမ်ကြီး၏ ယခင်ပိုင်ရှင်မှာ MGM ရုပ်ရှင်ကုမ္ပဏီ
တည်ထောင်သူ ဆယ်မြူရယ် ဂိုးဝင်းဖြစ်သည်။
၁၉၃၄ ခုနှစ်တွင် ဂျော်ဂျီယာရီဗိုက်ဗယ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
လော့စ်အိန်ဂျလိ၏ အထိမ်းအမှတ် သမိုင်းဝင်အဆောက်အအုံအဖြစ် သတ်မှတ်ပေးပါရန် တေလာဆွစ်က လျှောက်ထားခဲ့မှုကို အဖွဲ့ဝင်ငါးဦးပါဝင်သော ဘီဗာလီဟေးလ်မြို့ကောင်စီက အတည်ပြုလက်ခံလိုက်ခြင်း ဖြစ်သည်။
ယင်းကောင်စီတွင် မြို့တော်ဝန်နှင့် လက်ထောက်မြို့တော်ဝန်တို့
ပါဝင်ပြီး တေလာဆွစ်၏ လျှောက်ထားမှုကို ဧပြီလ ၄ ရက်၊ ညဘက်တွင် အစည်းအဝေးပြုလုပ်ခဲ့ကာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ခြင်းဖြစ်သည်။
“ဒီအဆောက်အအုံဟာ လူ့အသိုက်အဝန်းအတွက် စစ်မှန်တဲ့ရတနာတစ်ပါးဖြစ်တာကြောင့် ဒါကို မြို့ရဲ့
အထိမ်းအမှတ်တစ်ခု
အဖြစ် ထိန်းသိမ်းခြင်းခံရတာက တကယ်ဝမ်းမြောက်ဖွယ်ပါပဲ” ဟု
မြို့တော်ဝန် လီလီ ဘိုစီက ပြောကြားခဲ့ပြီး နေအိမ်ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့သည့် ပိုင်ရှင်ဖြစ်သူ (တေလာဆွစ်) အား ကျေးဇူးတင်ကြောင်းလည်း
မြို့တော်ဝန်က ပြောကြားသည်။
တေလာဆွစ်သည် ယခုအဆောက်အအုံကို ရှေးမူလက်ရာမပျက် ထိန်းသိမ်းပြုပြင်ရန်အတွက် အချိန်နှင့်ငွေ များစွာကုန်ခဲ့သည်။
အိပ်ခန်း ၄ ခန်းပါ အဆိုပါနေအိမ်ကို ဂိုးဝင်းမိသားစုထံမှ ၂၀၁၅ ခုနှစ်တွင် ကန်ဒေါ်လာ ၂၅ သန်းဖြင့် တေလာဆွစ်က ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
နေအိမ်ဝယ်ယူပြီးချင်း ဗိသုကာပညာရှင်များဖြစ်သော ဘာဘရာ လမ်းဖရက်နှင့် ဂျော့ခ်ျတေလာလော်ဒင်တို့ကို ဆက်သွယ်ကာ မွမ်းမံထိန်းသိမ်းမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
နေအိမ်ခြံဝန်းအတွင်းရှိ တင်းနစ်ကွင်း၊ ရေကန်၊ လသာဆောင်အစရှိသည်
တို့ကို ၁၉၃၄ ခုနှစ်ကအတိုင်း ထားရှိထားဆဲ ဖြစ်သည်။
အချို့သူများက သုံးသပ်ရာတွင်မူ တေလာဆွစ်သည် နေအိမ်တန်ဖိုး မြှင့်တင်လိုသည့် ရည်ရွယ်ချက်ဖြင့် သမိုင်းဝင်အဆောက်အအုံအဖြစ် သတ်မှတ်ရန် လျှောက်ထားခဲ့ခြင်းဖြစ်သည်ဟု ယူဆကြသည်။
သို့ရာတွင် သမိုင်းဝင်အဆောက်အအုံအဖြစ် သတ်မှတ်ခံရပြီးနောက် တိုးချဲ့ဆောက်လုပ်ခြင်းများ၊ အကြီးမားပြင်ဆင်ခြင်းများ ပြုလုပ်လိုပါက မြို့ကောင်စီ၏ အတည်ပြုချက်ရယူရမည်ဖြစ်ရာ နေအိမ်ဈေး မြင့်တက်လာမှုထက် ဈေးကျမှုကိုသာ ဖြစ်စေနိုင်ကြောင်းလည်း အချို့က သုံးသပ်ကြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)