ကမ္ဘာပေါ်တွင် အမြင့်မားဆုံး အဆောက်အအုံဖြစ်သော
ဒူဘိုင်းရှိ ဘာ့ဂ်ျ ခါလီဖာ မိုးမျှော်တိုက်ကြီး၏
နေအိမ်ခန်းဈေးနှုန်းများ ၂၅ ရာခိုင်နှုန်းအထိ ပြုတ်ကျလျက်ရှိပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး မရေရာမှုများကြောင့် ဖြစ်သည် ဟု အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်
တစ်ခုတွင် ဖော်ပြသည်။
Cluttons မှ နောက်ဆုံးထုတ်ပြန်သော ဈေးကွက်စစ်တမ်း
အစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်ပြီး ဈေးနှုန်းနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကိုမူ ဖော်ပြခဲ့ခြင်း မရှိချေ။
လက်ရှိအားဖြင့် ဘာ့ဂ်ျ ခါလီဖာ အဆောက်အအုံကြီးတွင်
အိပ်ခန်း ၁ ခန်းမှ ၂ ခန်းပါ လူနေခန်းတစ်ခန်းလျှင်
ဒူဘိုင်းငွေ ၂ ဒသမ ၅ သန်း (ကန်ဒေါ်လာ ၆၈၁၁၉၈) မှ ဒူဘိုင်းငွေ
၆သန်း (ကန်ဒေါ်လာ ၁ ဒသမ ၆၃ သန်း) အကြား ပေါက်ဈေးရှိသည်။
ဘာ့ဂ်ျ ခါလီဖာအဆောက်အအုံကြီးအပြင် အခြားနီးစပ်သော ဒေသများတွင်လည်း အိမ်ခြံမြေဈေးနှုန်းများ ပြုတ်ကျလျက်ရှိရာ ဟတ်တန်ဗီလာတွင် ၁၃ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းသွားပြီး Palm Jumeirah ရှိ အိမ်ခြံမြေဈေးနှုန်းများမှာလည်း ၁၂ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းသွားသည်။
ယင်းသို့ အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းလျက်ရှိခြင်းမှာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမရေရာမှုများကြောင့်ဖြစ်ပြီး အဓိကအားဖြင့် ဥရောပသမဂ္ဂမှ ဗြိတိန်နှုတ်ထွက်ခြင်း၊ ရေနံဈေးနှုန်းများ ကာလကြာရှည် ကျဆင်းနေခြင်းနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ မူဝါဒများမှ ကြိုတင်မမှန်းဆနိုင်သည့် အကျိုးသက်ရောက်မှုများကြောင့် ဖြစ်သည်။
အစီရင်ခံစာတွင် ဖော်ပြချက်အရ အိမ်ခြံမြေဈေးနှုန်းများ အားနည်းနေသည်မှာ လွန်ခဲ့သည့် ၅ နှစ်တာကာလအတွင်း ကြီးထွားလာခဲ့ပြီး ၈ ဒသမ ၈ ရာခိုင်နှုန်းအထိရှိခဲ့ရာ Cluttons က ခန့်မှန်းထားခဲ့သည့် ၁၀ ရာခိုင်နှုန်းနှင့် နီးစပ်ခဲ့သည်ဟု ဆိုသည်။
ဒူဘိုင်းတွင် လက်ရှိနေအိမ်ပေါက်ဈေးမှာ ပျှမ်းမျှအားဖြင့် စတုရန်းတစ်ပေလျှင် ကန်ဒေါ်လာ ၃၅၄ ဒသမ ၂၂ ရှိပြီး ၂၀၀၈ ခုနှစ် တတိယသုံးလပတ်ပေါက်ဈေးအောက် ၂၈ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းလျက်ရှိနေသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)