၂၀၁၇၊ ၂၀၁၈ ခုနှစ်များတွင် မြန်မာနိုင်ငံ၏ စီးပွားရေး
ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ငွေကြေး ဖောင်းပွမှုနှုန်းမှာ
၇ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ကြောင်း
အာရှဖွံ့ဖြိုးရေးဘဏ် (ADB) စစ်တမ်းတွင် ဖော်ပြထားသည်။
ယခု ၂၀၁၇ ခုနှစ်အတွင်း နိုင်ငံ၏ ဂျီဒီပီ တိုးတက်မှုနှုန်းကို
ရှစ်ရာခိုင်နှုန်းအထိ မြင့်တက်လာမည်ဟု ခန့်မှန်းပြီး
ထုတ်ပြန်ထားသည့် စီးပွားရေးနှင့် ပတ်သက်သော ဥပဒေများကို
လက်တွေ့ အကောင်အထည်ဖော် ကျင့်သုံးနိုင်ပါက ယခုနှစ်မှစ၍
စီးပွားရေးဖွံ့ဖြိုးမှုနှုန်း မြင့်လာမည်ဖြစ်ကြောင်း ADB မြန်မာ၏ Economics Officer ဒေါ်သီတာမြင့်က ပြောကြားသည်။
“ဒီနှစ်တွေထဲမှာ မြန်မာနိုင်ငံက သွင်းကုန်ပစ္စည်းတွေလည်း
အများကြီး လိုအပ်လာနိုင်တယ်။ အဲဒီအတွက်ကြောင့်မို့လို့
ငွေကြေးဖောင်းပွမှု ဒဏ်တွေလည်း အထိုက်အလျောက်
ဖြစ်လာနိုင်တယ်”ဟု ၎င်းကဆိုသည်။
၂၀၁၆ ခုနှစ်၌ ဂျီဒီပီ တိုးတက်ရန် မျှော်မှန်းခဲ့သော်လည်း စိုက်ပျိုးရေး ထုတ်ကုန်ပိုင်းများ ထုတ်လုပ်မှု ကျဆင်းခဲ့ပြီး ဈေးနှုန်း ကျဆင်းမှုများ
ဖြစ်ပေါ်ခြင်း၊ စွမ်းအင်ကဏ္ဍနှင့် ဆောက်လုပ်ရေး
လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု နှေးကွေးသွားခြင်း၊ ဆောက်လုပ်ရေး
ကဏ္ဍများ ခေတ္တ ရပ်ဆိုင်းခြင်းတို့ကြောင်း ဂျီဒီပီ တိုးတက်မှု ကျဆင်းသွားခဲ့ကြောင်း ၎င်းက ပြောဆိုသည်။
၂၀၁၅ ခုနှစ်တွင် ငွေကြေး ဖောင်းပွမှုနှုန်းမှာ ၁၁ ရာခိုင်နှုန်းကျော်ရှိပြီး
၂၀၁၆ ခုနှစ်မှာမူ စီးပွားရေး တိုးတက်မှု နှေးကွေးသွားသည့်အတွက် ခြောက်ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း ADB စစ်တမ်းတွင် ဖော်ပြထားသည်။
Credit: The Voice