ဘ၀ မှာ အဆင့်အတန်းမျိုးစုံ ၊ အလွှာစုံနဲ့ ကျင်လည်ကျော်ဖြတ်နေကြတဲ့ လောကကြီးထဲမှာ ချမ်းသာတဲ့လူတန်းစား ၊ အသင့်အတင့်နေနိုင်စားနိုင်တဲ့ လူလတ်တန်းစား နဲ့ တစ်နေ့လုပ်တဲ့လုပ်အားခကို ညနေအပြန် ဆန်ဝယ်ထမင်းစားရတဲ့ လုံးချားလိုက်နေတဲ့ မိသားစုတွေ လည်းအမြောက်အများ ရှိပါတယ် ၊ လောကဓမ္မတာအရ အလွှာစုံလည်ပတ်နေကြပေမယ့် အောက်ဆုံးအလွှာက လူတွေကိုတော့ လူတော်တော်များများက မျက်ကွယ်ပြုကြတာများပါတယ်။
အထူးသဖြင့် ရန်ကုန်မြို့ရဲ အစွန်အဖျား စက်မှုဇုန်တွေ မှာ အလုပ်လုပ်ကိုင်နေတဲ့ အခြေခံလူတန်းစား ပြည်သူ တွေဘယ်မှာနေကြတယ် ၊ ဘယ်လိုအိပ်စက်ကြတယ် ဆိုတာက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ် ၊ မနက်အစောကြီး လုပ်ငန်းခွင်ဝင်ရသလို ညမိုးကြီးချုပ်မှ အိမ်ကို ပြန်ရတဲ့ လူတွေက အများစုဖြစ်ပါတယ်။ ၀င်ငွေနည်း ပြည်သူတွေ ဖြစ်တာကြောင့်လည်း ပုံမှန်အလုပ်ချိန်အပြင် လုပ်ငန်းသဘာဝ
လိုအပ်ချက်အရ အိုဗာတိုင်လို့ ခေါ်တဲ့ အချိန်ပို ဆင်းရတဲ့ အတွက် မိုးစုပ်စုပ်ချုပ်မှ အိမ်ပြန်ကြရတဲ့ မိသားစုတွေ များပါတယ်။
တစ်နေကုန် လုပ်ငန်းခွင် မှာ အလုပ်လုပ်ခဲ့ကြတဲ့ လူတွေရဲ့ မျှော်လင့်ချက်ကတော့ ညအိပ်ရာဝင်ချိန်မှာ ခေါင်းအေးအေးနဲ့
အိပ်ပျော်အောင် အိပ်ချင်ကြပြီး နောက်တစ်နေ့ အတွက် အင်အားတွေ မွေးဖွားချင်ကြတာ ဓမ္မတာဘဲဖြစ်ပါတယ် ။ ဒါပေမယ့် ၀င်ငွေနဲ့ ထွတ်ငွေ ပေါ်ချိန်ဆနေရတဲ့ အပြင် တစ်ရိပ်ရိပ်တက်လာတဲ့ ကုန်ဈေးနှုန်းကြောင့်လည်း ဖြစ်ချင်တာထက် ဖြစ်နိုင်တာ ၊ ဖြစ်သင့်တာကို ရွေးချယ်ပြီး နေထိုင်ကျော်ဖြတ်ရတာဖြစ်ပါတယ် ။ အနယ်နယ်အရပ်ရပ်က လူပေါင်းစုံ ၊ စရိုက်ပေါင်းစုံ စုပြီးနေထိုင်ကြရတဲ့ အခြေအနေဖြစ်တဲ့ အတွက်ကြောင့်လည်း သူခိုးသူဝှက် အန္တာရယ် ၊ လူမှုရေး ပြသနာတွေက နေ့စဉ်နှင့်အမျှ မရိုးနိုင်အောင် ဒုက္ခသုခတွေ ခံစားနေကြရပါတယ် ။ ဘယ်သူမှ ဒီလိုဒုက္ခကို မခံစားချင်ကြပေမယ့် မဖြစ်နိုင်တဲ့ အခြေအနေကြောင့်သာ အောင့်အည်းသီးခံနေကြရတာဖြစ်ပါတယ်။
ရန်ကုန်မှာ စက်မှုဇုန် ၂၉ ဇုန်ရှိပြီး မှီခိုလုပ်ကိုင်နေတဲ့ လူတွေ ကလည်းအနည်းဆုံးလူဦးရေ ငါးသိန်းအထက်မှာ ရှိနိုင်ပါတယ် ၊ လှိုင်သာယာ စက်မှုဇုန်တစ်ခုတည်းမှာတင် မှီခိုအလုပ်လုပ်တဲ့ သူ သုံးသိန်းလောက်ထိ ရှိတယ်လို့ ဆိုကြပါတယ် ။ သိန်းနဲ့ ချီတဲ့ စက်ရုံ အလုပ်သမားတွေ ဘယ်မှာ နေထိုင်အိပ်စက်ကြသလဲ ဆိုတာ အဖြေရှာကြည့်ရင် စိတ်ဝင်စားဖို့ ကောင်းသလို ၊ တစ်ဖက်မှာလည်း နေထိုင်ရတဲ့ မိသားစု ဘ၀တွေကိုမြင်ရတွေ့ရကြားရလို့ စိတ်မကောင်းဖြစ်မိပါတယ် ။ အဲဒိကကတော့ စီမံခန့်ခွဲမှု အားနည်းချက် ၊ အခြေခံ အဆောက်အအုံတွေ ပြည့်စုံအောင် မဆောက်လုပ်နိုင်တဲ့ အခြေအနေကိုဘဲ လက်ညိုးထိုးရမှာဖြစ်ပါတယ် ။
စက်ရုံကြီးတွေ ဟီးဟီးထနေအောင် လည်ပတ်နေပေမယ့်လည်း ဒီစက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ မိသားစုတွေရဲ့ နေထိုင်ရေး အခက်အခဲကို စိတ်ဝင်တစား ဖြေရှင်းပေးတဲ့ စိတ်ကူးရှိတဲ့ လုပ်ငန်းရှင်ကတော်တော်ရှားပါတယ် ၊ မရှိဘူးလို့ ၀ါးလုံးရှည်နဲ့ ယမ်းပြီး မပြောချင်ပေမယ့် တော်တော်များများ လုပ်ငန်းရှင်ကတော့ အလုပ်သမားတွေ နေထိုင်ဖို့ စိတ်ဝင်စားမှု မရှိကြပါဘူး ၊ အလုပ်သမားတွေ ကိုယ့်ပြသနာကိုယ် ကိုယ့်အစီအစဉ်နဲ့ ဘဲဖြေရှင်းကြရတာဖြစ်ပါတယ် ။
ဒါကြောင့်လည်း စက်မှုဇုန်နဲ့ နီးစပ်တဲ့ ရပ်ကွက်တွေမှာ စုပြီးဌားနကြသလို ၊ မြေကွက်လွတ်တွေမှာလည်း ကျုးကျော်တဲလေးတွေ ထိုးပြီး ကျောတခင်းစာအတွက် ဖြေရှင်းကြပါတယ် ၊ စီးပွားရေး အကွက်မြင်တဲ့ လူတွေက တော့ စက်မှုဇုန်နားက မြေကွက်တွေကို ဌားပြီး တဲတန်းရှည်ထိုး အခန်းကန့်ပြီး တစ်ခန်းကို သုံးသောင်းကနေ ငါးသောင်းလောက်အထိ ဌားစားကြပါတယ် ၊ ပေ ၂၀ အကျယ် ပေ ၆၀ အရှည်ရှိတဲံ မြေကွက်မှာ တဲတန်းရှည်ထိုး အခန်းကန့်ဌားစာတာဟာ အိမ်ဌားတာထက်ပိုကိုက်ပြီး ၀င်ငွေလည်း ပိုကိုက်ပါတယ် ၊ သာမန်လုံးချင်းအိမ်တစ်လုံး ဌားရင် တစ်လဌားခတစ်သိန်းလောက်ဘဲ ရတယ့် အချိန်မှာ တဲတန်းရှည်ထိုးဌား
စားရင် အနည်းဆုံး တစ်လကို နှစ်သိန်းနဲ့ သုံးသိန်းကြား ၀င်ငွေရှိလို့ အခုနောက်ပိုင်း မှာ ရှစ်ပေပတ်လည်အခန်းတွဲ ယဉ်ကျေးမှု
မြို့တော်လို့တောင် ခေါ်ဝေါ်ကြပါတယ်။
မြေကွက်ကျဉ်းကလေးထဲမှာ မိသားစု ခြောက်စုလောက် အခန်းတွဲ နေထိုင်ကြရပြီး စုပေါင်းအိမ်သာ ၊ စုပေါင်း ရေချိုးရတဲ့ စနစ်ကြောင့် ဘယ်သူမှ အဆင်မပြေကြပါဘူး ၊ အထူးသဖြင့်လေ၀င်လေထွတ် အရှေ့နဲ့ အနောက်နှစ်ပေါက်ဘဲရှိတဲ့ ကြားကအခန်းတွေဆို ပိုဆိုပါတယ် ၊ ထံရံတစ်ချပ်ဘဲခြား ပြီး ကြမ်းတစ်ပြေးထဲ ဖြစ်တဲ့ အတွက်ကြောင့်လည်း မိသားစုလိုက် နေထိုင်ကြရတဲ့ လူတွေ အတွက် အဆင်မပြေကြပါဘူး ၊ အခန်းတွဲနေထိုင်ကြတဲံ တစ်ကိုယ်ရေ တစ်ကာယ သမားတွေ
ထက် မိသားစုလိုက် မဖြစ်မနေ အခြေအနေ အရနေကြရတဲ့
မိသားစု တွေရဲ့ အိမ်မက်ကတော့ ငွေနည်းနည်းပါးပါးရှိရင် လုံးချင်းအိမ်ကလေးကို ဌားနေချင်ကြတဲ့
စိတ်ကူးရှိကြပါတယ် ။
နိုင်ငံတကာမှာလို စက်ရုံကြီးတွေ ၊ စက်မှုဇုန်တွေ အနားမှာ သန့်ရှင်းသပ်ရပ်ပြီး ကျန်းမာရေး နှင့်ညီညွတ်တဲံ့ Domarity လို့ခေါ်တဲ့ အလုပ်သမား တန်းလျား ၀န်ဆောင်မှုတွေကို ဖော်ဆောင်ဖို့ အချိန်ရောက်လာပါပြီ ၊
ဖြစ်သင့်တာကတော့ စက်မှုဇုန်တွေထူထောင်ကတည်းကိုက အလုပ်သမားတွေနေဖို့ အတွက်ပါကြိုတင်ပြင်ဆင်တွက်ချက် ပြီးမှ လုပ်ခဲ့သင့်ပါတယ် ၊ ဒါပေမယ့်လည်း အခြေအနေ အရပ်ရပ်ကြောင့် စက်ရုံ တွေအတွက်လောက်ဘဲ စဉ်းစားပြီး ဒီစက်ရုံတွေလည်ပတ်ဖို့
အတွက် လိုအပ်တဲ့ အလုပ်သမားတွေရဲ့ နေထိုင်မှုကို မစဉ်းစားဘဲ ပုံစံထုတ်မြေကွက်ချပေးကတည်းက မှားယွင်းခဲ့ပါတယ် ၊
အရင်ခေတ်ကမှားခဲ့တဲ့အမှားတွေကို အပြစ်တင်ဖို့ ထက်
သင်ခန်းစာယူပြီး စက်ရုံပိုင်ရှင်နဲ့ အလုပ်သမားတွေ နှစ်ဦးနှစ်ဖက် အဆင်ပြေချောမွေ့စေမယ့် domarity ၀န်ဆောင်မှုကို လုပ်ဖို့
အချိန်တန်ပါပြီ ။ ဒါဆိုရင် အလုပ်သမားတွေလည်း ကျန်းမာသန့်ရှင်းတဲ့
ကျောချစရာနေရာလေး
တစ်ခုမှာ အိပ်စက်ခွင့်ရမှာဖြစ်သလို ၊ စက်ရုံပိုင်ရှင်တွေ အတွက်လည်း အလုပ်သမားကြိုပို့ စရိတ်စက တွေ သက်သာပြီး အားအင်ပြည့်ဝတဲ့ အလုပ်သမားတွေ လုပ်ငန်းခွင်ဝင်တဲ့ အတွက် အကျိုးရလာဒ်ကို
ရမှာဖြစ်လို့ နှစ်ဦးနှစ်ဖက် အကျိုးရှိမှာဖြစ်ပါတယ် ၊ ၀မ်းနည်းစရာကောင်းတာကတော့ သီလ၀ါလို နေရာမျိုးလောက်ဘဲ
ဝန်ဆောင်မှု ပေးတဲ့ ကုမ္မဏီတွေက ဒီလိုဝန်ဆောင်မှုကို အဆင့်အတန်းမြင့်မြင့်ပေးနိုင်တာ တွေ့ရပါတယ် ။
Globalization ခေတ်ကြီဖြစ်တာကြောင့် လူတွေတစ်နေရာ နဲ့ တစ်နေရာ ရေကြည်ရာမျက်နုရာကို ပြောင်းရွေ့လုပ်ကိုင်ကြတာဟာ ထူးခြားမှု
မဟုတ်ဘဲ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ဖြစ်ပါတယ် ၊ ဒါပေမယ့် ဖွံ့ဖြိုးပြီး စီးပွားရေးဖွံ့ဖြိုးတဲ့ နေရာတစ်ခုကို တစ်နိုင်ငံလုံးက လူတွေက အလုအယက် လာပြီး နေထိုင်အခြေချမယ်ဆိုရင်တော့ ၀န်နဲ့ အားနဲ့ မမျှဘဲ
ဘေးထွတ်ဆိုးကျိုးတွေအများကြီးဖြစ်လာနိုင်ပါတယ်။လူတစ်သောင်းလောက်
ဘဲ အလုံအလောက် သောက်သုံးနိုင်တဲ့ ရေကန်ကို လူတစ်သိန်းလောက် ၀ိုင်းသောက်သုံးကြရင် ဘယ်သူမှ အာသာပြေ အဆင်ပြေမှာ
မဟုတ်ပါဘူး ၊ အခပ်မသင့်ရင် ရေလုရင်း ရန်တွေဖြစ်ကြ ၊
အမုန်းပွားကြ နဲ့ သူလည်းအဆင်မပြေ ၊ ကိုယ်လည်းအဆင်မပြေ နဲ့
ဘ၀မှာဖွံ့ဖြိုးတိုးတက်မှု မဆိုထားနဲ့ ရှေ့ဆက်လက်ရှင်
သန်ဖို့တောင် ပြသနာ ရှိပါတယ် ။ အုပ်ချုပ်သူတွေ
စီမံခန့်ခွဲမှု ကောင်းရင်ကောင်းသလို အရည်ချင်းရှိမရှိ
ပေါ်မူတည်ပြီး ပြသနာတွေကို ဖြေရှင်းလို့ရပါတယ်။
ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com