တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ပြီးခဲ့သည့်လ (၂၀၁၇ မတ်လ) တွင် အိမ်သစ်ရောင်းအားသည်
ဖေဖော်ဝါရီလကထက် မြင့်တက်ခဲ့သော်လည်း ၀ယ်လက်များနှင့် အိမ်ခြံမြေ developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချသူ) များ နှစ်ဖက်စလုံးအကြား ၀ယ်လိုအားနှင့် ရောင်းလိုအားများသည် ဆက်လက်ကျဆင်းခဲ့ဆဲ ဖြစ်ကြောင်း ရှန်ဟိုင်းအိမ်ခြံမြေ
အကျိုးဆောင်ကုမ္ပဏီ Shanghai Homelink Real Estate Agency Co က ယမန်နေ့ (ဧပြီ ၅) တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ သိရသည်။
အစိုးရမတည်သော တန်ဖိုးနည်းအိမ်ရာများမှအပ အိမ်သစ်ဧရိယာ စတုရန်းမီတာ ၇၄၂,၄၀၀
ကို မတ်လအတွင်း ရောင်းချခဲ့ရသည်။ ယင်းသည် ဖေဖော်ဝါရီလကထက် ၁၀၄ ဒသမ ၅
ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ယင်းသည် ယမန်နှစ် မတ်လအောက် ၆၆ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ငါးနှစ်တာအတွင်း ယခုနှစ်မတ်လသည် အနိမ့်ဆုံးမတ်လဖြစ်ခဲ့ကြောင်း Homelink ၏ အချက်အလက်များအရ သိရသည်။
ရောင်းလိုအားတွင်လည်း ယခုနှစ်မတ်လအတွင်း ရှန်ဟိုင်း၌ စုစုပေါင်း စတုရန်းမီတာ ၃၆၁,၀၀၀ ရှိသည့် အိမ်ရာစီမံကိန်း ၁၂ ခု ဈေးကွက်ထဲ ရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီကထက် ၂၆ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ သို့သော် ၎င်းရောင်းလိုအားသည်လည်းပဲ ယမန်နှစ် မတ်လနှင့်
ယှဉ်ပါက ၅၈ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
"ပြီးခဲ့တဲ့လက ရောင်းအားနဲ့ ရောင်းလိုအား ပြန်လည်မြင့်တက်ခဲ့ပါတယ်။ အဓိကကတော့ ရာသီအလိုက်အချက်တွေကြောင့်ပါ။ တင်းကျပ်တဲ့အိမ်ခြံမြေစည်းမျဉ်းတွေ ဆက်လက်အသက်
ဝင်နေဆဲမို့ ယေဘုယျဈေးကွက်အခြေအနေကလည်း ဆက်ထိုင်းနေတာပါ" ဟု Homelink ၏ သုတေသီ ကျောင်းပေါင်ကန်က ပြောကြားခဲ့သည်။ "အိမ်သစ်ရောင်းလိုအားမှာ သိသိသာသာ
ပြန်မတက်သရွေ့ ဘယ်လိုရောင်းအားတိုးတက်မှုကြီးကိုမှ ကျွန်တော်တို့ တွေ့ရမှာမဟုတ်ပါဘူး" ဟုလည်း သူက ပြောကြားခဲ့သည်။
မြို့စွန်ခရိုင်တစ်ခုဖြစ်သော ကျားသင်းခရိုင်ရှိ တိုက်ခန်းအိမ်ရာစီမံကိန်းတစ်ခုက မတ်လတွင် ရောင်းအားကောင်းဆုံးအဖြစ် ၁ စတုရန်းမီတာလျှင် ပျမ်းမျှဈေးနှုန်း ၃၁,၂၁၀ ယွမ် (အမေရိကန်ဒေါ်လာ ၄,၅၃၀) ဖြင့် အခန်းပေါင်း ၇၁၀ ရောင်းချခဲ့ရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com