ရန်ကုန်မြို့၊ လဟာပြင်ဈေးနေရာတွင် စင်္ကာပူအခြေစိုက် Keppel Land ကုမ္ပဏီက ကန်ဒေါ်လာ သန်း ၁၂၀ နီးပါး(၁၁၈ ဒသမ ၅ သန်း ) အကုန်အကျခံ ဆောက်လုပ်ခဲ့သော Junction City Tower (phase 1) ကို ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်သည်။
Junction City တာဝါသည် ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်တွင် တည်ရှိပြီး ရွှေတောင်ဆောက်လုပ်ရေး ကုမ္ပဏီနှင့် ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းဆောက်လုပ်ခဲ့ကြခြင်း ဖြစ်သည်။
စင်ကာပူမှ DP Architects ဗိသုကာအဖွဲ့မှ ဒီဇိုင်းရေးဆွဲပေးခဲ့ခြင်းဖြစ်သည်။
Junction City ၏ ကြမ်းခင်း ဧရိယာမှာ စတုရန်းမီတာ ၂၆၀၀၀၀ နီးပါးရှိပြီး စီမံကိန်း အဆင့် ၁ (Phase 1) တွင် Grade-A အဆင့် ရုံးခန်းများ ၊ ကြယ်ငါးပွင့်ဟိုတယ် ၁လုံး၊ လက်လီနှင့် ဖျော်ဖြေရေး နေရာများပါဝင်သည်။
စီမံကိန်း အဆင့် ၂ (Phase 2) တွင် အသင့်နေ အထပ်မြင့် လူနေခန်းများ ပါဝင်မည်ဖြစ်သည်။
ယခုဖွင့်လှစ်လိုက်သည်မှာ စီမံကိန်း အဆင့် ၁ (Phase 1) ဖြစ်ပြီး အထပ်ပေါင်း ၂၃ ပါဝင်သည်။
စင်္ကာပူအခြေစိုက် Keppel Land နှင့် မြန်မာနိုင်ငံမှ ရွှေတောင်ဆောက်
လုပ်ရေး ကုမ္ပဏီတို့ ပူပေါင်းအကောင်အထည် ဖော်ခဲ့ကြခြင်း ဖြစ်ပြီး Keppel Land က ရှယ်ယာ ၄၀ ရာခိုင်နှုန်းအတွက် ကန်ဒေါ်လာ ၄၇ ဒသမ ၄ သန်း ပေးရန် ၂၀၁၄ ခုနှစ်အတွင်းက သဘောတူညီခဲ့ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံလိုမျိုး ဖွဲ့ဖြိုးဖို့ အလားအလာတွေ ကောင်းမွန်တဲ့ ဈေးကွက်တွေမှာ ရင်းနှီးမြှုပ်နှံရေးဟာ Keppel Land ရဲ့  မဟာဗျူဟာ ဖြစ်ပါတယ် Junction City Tower ကို ရွှေတောင်အုပ်စုနဲ့ ပူးပေါင်းအကောင်အထည် ဖော်ခဲ့တာဟာ ဒီမဟာဗျူဟာ အရ ဖြစ်ပါတယ် ” ဟု Keppel Land မှ အမှုဆောင်အရာရှိချုပ် Ang Wee Gee ကပြောကြားသည်။
Keppel Land သည် မြန်မာနိုင်ငံတွင် ၁၉၉၃ ခုနှစ်မှ စတင်၍ လုပ်ငန်းများစတင်ခဲ့ခြင်းဖြစ်ကြောင်း ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ပြီးစီးသွားသော office tower တွင် ကိုရီးယားမှ ဆမ်းဆောင်း ၊ ဗြိတိသျှ ကုန်သယ်ကြီးများအသင်း နှင့် စင်္ကာပူမှ Allen & Gledhill law firm တို့အပါအဝင် နိုင်ငံတကာ ကုမ္ပဏီများ အခြေစိုက်ရေးအတွက် သဘောတူညီချက်ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
စီမံကိန်း အဆင့် ၂ (Phase 2) ကို လာမည့် ၂၀၁၈ ခုနှစ်တွင် စတင်ဆောက်လုပ်နိုင်ရန် မျှော်လင့်ထားပြီး Keppel Land နှင့်
ရွှေတောင် ကုမ္ပဏီတို့ ပူးပေါင်းအကောင်အထည်ဖော်သွားရန် သဘောတူလက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။
စီမံကိန်း အဆင့် ၂ သည် အကျယ်အဝန်း စတုရန်းမီတာ ၅၀၀၀၀ ရှိမည်ဖြစ်ပြီး Keppel Land က ၄၀ ရာခိုင်နှုန်း ပါဝင်ရင်းနှီးမြှုပ်နှံမည် ဖြစ်ကာ ကန်ဒေါ်လာ ၄၈ ဒသမ ၆ သန်း ဖြစ်သည်။
Junction City Tower စီမံကိန်းတွင် Keppel Land အပြင် Pan Pacific ဟိုတယ်အုပ်စုနှင့် New Asia Investments တို့လည်း ပူးပေါင်းပါဝင်ကာ ဟိုတယ်နှင့် လူနေအိမ်ခန်း၊ လက်လီအရောင်းဆိုင်ကဏ္ဍများကို ပူးပေါင်းအကောင်အထည်ဖော်သွားမည် ဖြစ်သည်။
(မှတ်ချက်- Junction City Tower ဖွင့်ပွဲ ဓာတ်ပုံများကို တရုတ်အခြေစိုက် ဝက်ဘ်ဆိုက်တစ်ခုဖြစ်သော http://www.mhwmm.com/ch/NewsView.asp?ID=22237 မှ ရယူထားခြင်း ဖြစ်ပါသည်။)
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)