အင်္ဂလန်နိုင်ငံ၊ လန်ဒန်တွင် မြို့ လယ်မှ ရထားခရီးဖြင့် တစ်မိနစ်ကြာမြင့်တိုင်း အိမ်ခြံမြေဈေးနှုန်းများမှာ ပျှမ်းမျှအားဖြင့် ပေါင် ၃၀၀၀ နည်းပါးကျဆင်းသွားသည်ဟု လန်ဒန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
လန်ဒန်မြို့ လယ်မှ ၁၉ မိနစ်မှ ၃၉ မိနစ်အကြား အကွာအဝေးရှိသော အရပ်များအနက် ဈေးနှုန်း အမြင့်မားဆုံးမှာ အော့က်ဇ်ရှော့ထ် အရပ်ဖြစ်ပြီး ဈေးနှုန်းအသက်သာဆုံးမှာ ချာသမ်အရပ်ဖြစ်သည်ဟု ဆိုသည်။
Savills မှ ပြုလုပ်သော လေ့လာချက်အရ လန်ဒန်တွင် မြို့ လယ်မှ တစ်မိနစ်ဝေးကွာတိုင်း ပေါင် ၃၀၀၀ ကျော် အိမ်ဈေးနှုန်း သက်သာသွားကြောင်း လေ့လာတွေ့ရှိခဲ့သည်။
လန်ဒန်မြို့ ဆင်ခြေဖုံးဒေသများရှိ ဘူတာပေါင်း ၄၃၃ ခု၏ အနီးဝန်းကျင်နေအိမ်ဈေးနှုန်းများကို လေ့လာခဲ့ခြင်း ဖြစ်သည်။
ယင်းလေ့လာချက်အရ ကောက်ချက်ဆွဲနိုင်ခဲ့သည်မှာ လန်ဒန်တွင် နေအိမ်ဝယ်ယူမည့်သူတစ်ဦးအနေဖြင့် မြို့ လယ်နှင့် တစ်မိနစ်ခရီး ပိုမို နီးကပ်လိုတိုင်း ၃၃၄၂ ပေါင် ပိုမိုသုံးစွဲရမည်ဖြစ်ကြောင်း အဖြေထုတ်
ခဲ့ကြသည်။ယခုလေ့လာချက်တွင် ရထားလက်မှတ်ဈေးနှုန်းများကိုမူ ထည့်သွင်းတွက်ချက်ထားခြင်းမရှိချေ။
ရထားခရီး ၃၅ မိနစ်ဝေးကွာသောအရပ်များတွင် ပျှမ်းမျှနေအိမ်ဈေးနှုန်းမှာ ပေါင် ၁၄၇၅၇၇၅ ဖြစ်သည်ဟု ဆိုသည်။
လန်ဒန်ရှိ ရထားခရီးစဉ်အားလုံးမှာ နှစ်နာရီထက်ကျော်လွန်ခြင်းမရှိဘဲ ဘူတာအားလုံးသည် လန်ဒန်နှင့် တိုက်ရိုက်ရထားလိုင်းများ ရှိကြသည်။
လန်ဒန်မြို့ လယ်မှ မိနစ် ၄၀ မှ တစ်နာရီအကြား ခရီးကွာဝေးသောအရပ်များတွင် အိမ်ဈေးနှုန်းအမြင့်မားဆုံးမှာ အောက်စ်ဖို့ရှိုင်းယားရှိ ရှစ်ပ်လိတ်ခ်အရပ်ဖြစ်ပြီး ခရီးချိန် ၄၁ မိနစ်ကြာမြင့်ကာ ပျှမ်းမျှနေအိမ်ဈေးနှုန်းမှာ ပေါင် ၁၀၆၅၉၄၅ ဖြစ်သည်။
တစ်နာရီအထက်ကွာဝေးသောအရပ်တွင် နေအိမ်ဈေးအမြင့်ဆုံးမှာ ကိန်းဘရစ်ရှိုင်းယားရှိ ဖော့ဇ်တန်အရပ်ဖြစ်ပြီး ခရီးချိန် ၆၉ မိနစ်ဖြစ်ကာ
ပျှမ်းမျှ နေအိမ်ဈေးနှုန်းမှာ ပေါင် ၅၈၀၀၁၇ ဖြစ်သည်။
၁၉ မိနစ်မှ ၃၉ မိနစ်ခရီးကွာဝေးသောအရပ်များတွင် အိမ်ဈေးနှုန်းအသက်သာဆုံးမှာ ချာသမ်အရပ်ဖြစ်ပြီး ခရီးချိန် ၃၈
မိနစ်ဖြစ်ကာ ပျှမ်းမျှ နေအိမ်ဈေးနှုန်းမှာ ပေါင် ၁၉၄၂၂၉ ဖြစ်သည်။
မိနစ် ၄၀ မှ တစ်နာရီအကြား ကွာဝေးသောအရပ်များအနက် နေအိမ်ဈေး အသက်သာဆုံးမှာ နော်သမ်တန်ရှိုင်းယားဖြစ်ပြီး ခရီးချိန် ၄၆
မိနစ်ဖြစ်ကာ ပျှမ်းမျှနေအိမ်ဈေးနှုန်းမှာ ပေါင် ၁၅၃၃၃၄ ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)