ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ဂျပန်ကုမ္ပဏီ AEON က လက်လီလုပ်ငန်းများတွင် ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံရန် ဝင်ရောက်လာမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။
“အေရွန်ရဲ့ ပင်မလုပ်ငန်းက ကုန်တိုက်ကြီးတွေဖွင့်တာပါ။ သူ့လုပ်ငန်းတွေက အာဆီယံတော်တော်များများမှာ ရှိပါတယ်။ ကမ္ဘောဒီးယားမှာလည်း ရှိတယ်၊ ထိုင်းမှာလည်းရှိတယ်။ မြန်မာနိုင်ငံကိုလည်း လက်လီလုပ်ငန်းလုပ်ဖို့ မကြာခင်ဝင်ရောက်လာဖို့ရှိတယ်”ဟု ၎င်းက ပြောဆိုသည်။
လက်ရှိအချိန်တွင် အေရွန်သည် ပြည်တွင်း၌ လက်လီလက်ကားလုပ်ငန်း ဆောင်ရွက်နေပြီးသားဖြစ်သည့် ကုမ္ပဏီနှင့်ပူးပေါင်းကာ AEON Orange ကုမ္ပဏီအမည်ဖြင့် ကုန်တိုက်အချို့ဖွင့်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
မြန်မာနိုင်ငံက လက်လီလက်ကားလုပ်ငန်းများ၌ ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ဖက်စပ်ရင်းနှီးမြှုပ်နှံမှုများကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် မေလအတွင်း၌ စတင်ခွင့်ပြုလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
ယခင်နှစ်က ဂျပန်နိုင်ငံအခြေစိုက် MyCare Unicharm ကုမ္ပဏီနှင့် ထိုင်းနိုင်ငံအခြေစိုက် Pacific Andaman (SEA) ကုမ္ပဏီတို့ကို ပြည်တွင်း၌ လက်လီလက်ကားလုပ်ငန်း လုပ်ကိုင်ရန်အတွက် စတင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
နိုင်ငံခြားသားကုမ္ပဏီများ၊ ဖက်စပ်ကုမ္ပဏီများကို ပြည်တွင်း၌ လက်လီလက်ကား အရောင်းဆိုင်များ ဖွင့်လှစ်ပါက အဝတ်အထည်၊ နာရီ၊ အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများပါဝင်သည့် ဦးစာပေးကုန်ပစ္စည်း ၂၄ မျိုးကိုသာ ရောင်းချရန် ယင်းဝန်ကြီးဌာနက သတ်မှတ်ထားသည်။
လက်လီလက်ကားလုပ်ငန်း လုပ်ကိုင်ခွင့် ခွင့်ပြုချက်၌ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ၈၀ ရာခိုင်နှုန်းမှ ရာနှုန်းပြည့်ပိုင်သော လုပ်ငန်းများသည် လက်လီလုပ်ငန်း လုပ်ကိုင်ပါက မြေငှားရမ်းခမပါဝင်ဘဲ အမေရိကန်ဒေါ်လာ သုံးသန်းနှင့်အထက် ရင်းနှီးမြှုပ်နှံရမည်ဖြစ်ကြောင်း၊ လက်ကားလုပ်ငန်း လုပ်ကိုင်ပါက အမေရိကန်ဒေါ်လာ ငါးသန်းနှင့်အထက် ရင်းနှီးမြှုပ်နှံရမည့်အပြင် စတုရန်းမီတာ ၉၀၀ အထက်ရှိသည့် စူပါမားကက်အကြီးစားများကိုသာ ဖွင့်ခွင့်ပြုမည်ဖြစ်ပြီး Convenience စတိုးဆိုင်လေးများကို ဖွင့်ခွင့်ပြုမည်မဟုတ်ကြောင်း အဆိုပါဝန်ကြီးဌာနထံမှ သိရသည်။
Credit: The Voice