မန္တလေးတိုင်းအတွင်း အိမ်ခြံမြေစံနှုန်းသတ်မှတ်ရာမှာ ဈေးကွက်ပေါက်ဈေးအတိုင်း လျှော့ချသတ်မှတ်ဖို့ လိုအပ်တယ်လို့ အကျိုးဆောင်လုပ်ငန်းရှင်တချို့ကပြောပါတယ်။
အိမ်ခြံမြေလွှဲပြောင်းရောင်းဝယ်ရာမှာ ပေးဆောင်ရတဲ့
အခွန်နှုန်းတွက်ချက်ဖို့ တစ်နှစ်တစ်ခါ ထုတ်ပြန်တဲ့ စံနှုန်းသတ်မှတ်ချက်ကို နှစ်စဉ် ဇွန်၊ ဇူလိုင်လ တွေမှာ ထုတ်ပြန်လေ့ရှိတာကြောင့် အခုနှစ်အတွက် စံနှုန်းသတ်မှတ်ချက်တွေ မကြာခင်ထုတ်ပြန်လာဖို့ရှိပါတယ်။
အရင်နှစ်တွေက စံနှုန်းသတ်မှတ်ချက်ဟာ ကာလပေါက်ဈေးထက်
၁၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ များပြားတယ်လို့ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။
ဖိုးလမင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းပိုင်ရှင်း ဦးဝဏ္ဏစိုးက
'ပြင်ပမှာက ဈေးကွက်က ကျဆင်းပြီး အရောင်းအ၀ယ်က လျှော့ချရောင်းနေတဲ့အချိန်မှာ တိုင်းဒေသကြီးက သတ်မှတ်ထားတဲ့စံနှုန်းတွေက ဒီဟာထက်များနေတော့ မမျှတဲ့စံနှုန်းနဲ့ ဆောင်ခိုင်းရင်တော့ အခွန်ဆောင်ဖို့ကို စည်းရုံးသိမ်းသွင်းဖို့မလွယ်ဘူး။ တိုင်းဒေသကြီးရဲ့ ရာဖြတ်နှုန်းထားစံနှုန်းတွေ လျှော့ချသတ်မှတ်သင့်ပါတယ်' လို့ ပြောပါတယ်။
ပြင်ပပေါက်ဈေးနဲ့ ကွဲလွဲတဲ့ စံနှုန်းသတ်မှတ်ချက်တွေ၊ မန္တလေးအိမ်ခြံမြေ အရောင်းအ၀ယ်ဈေးကွက် သဘောနဲ့ မကိုက်ညီတာကြောင့် အမှန်တကယ် အခွန်ဆောင်လိုသူတွေမှာ အခက်တွေ့ရသလို နိုင်ငံတော်အတွက်လည်း အခွန်နစ်နာတယ်လို့ အကျိုးဆောင်လုပ်ငန်းရှင်အချို့က ဆိုပါတယ်။
မန္တလေးတိုင်းအိမ်ခြံမြေရာဖြတ်တန်ဖိုးစံနှုန်းသတ်မှတ်ချက် တွေကို လေ့လာရာမှာ စံနှုန်းသတ်မှတ်ချက်ကို တစ်ဧက စံနှုန်းနဲ့ ထုတ်ပြန်လေ့ရှိတယ်လို့ သိရပါတယ်။
မန္တလေးတိုင်းအိမ်ခြံမြေရာဖြတ်တန်ဖိုး စံနှုန်းသတ်မှတ်ချက်တွေကို လေ့လာရာမှာ စံနှုန်းသတ်မှတ်ချက်ကို တစ်ဧကစံနှုန်းနဲ့ ထုတ်ပြန်လေ့ရှိတယ်လို့ သိရပါတယ်။
မန္တလေးအိမ်ခြံမြေဈေးကွက်အရောင်းအ၀ယ်လောကမှာ ဧကအလိုက်အရောင်းအ၀ယ်လုပ်တာမဟုတ်တဲ့အတွက် ဧကစံနှုန်းသတ်မှတ်ချက်က အမှန်တကယ် အရောင်းအ၀ယ်ဖြစ်ခဲ့တဲ့ အိမ်ခြံမြေတန်ဖိုးနဲ့ ကွာခြားနေတာဖြစ်ပါတယ်။
ဥပမာမြို့သစ် (၆၂) လမ်း၊ လမ်းဘေးမေးတင် ပေ ၄၀၊ ပေ ၆၀ မြေကွက်က ကျပ်သိန်း ၁၀,၀၀၀ ပေါက်ဈေးရှိတယ်ဆိုရင် သည်မြေကွက်ရဲ့ နောက်ကျောကပ်လျက်က အကျယ်အ၀န်း တူအကွက်ဟာ သိန်း ၅၀၀၀ ခန့်၊ သူရဲ့တစ်ကွက်က သိန်း ၃၀၀၀ ခန့်လောက်ပဲ ပေါက်ဈေးရှိပါတယ်။
ဒါပေမဲ့ တစ်ဧက စံနှုန်းသတ်မှတ်ချက်ကြောင့် နောက်အကွက်ကိုပါ သွားသက်ရောက်နေပြီး လမ်းဘေးမေးတင်အကွက်၊ ကျောကပ်အကွက်နဲ့ ငုတ်အကွက်တို့ဟာ တူညီတဲ့အခွန်နှုန်းပေးဆောင်ရမှာဖြစ်ပါတ်ယ။
သည်မှာတင် ဈေးကွက်ပေါက်ဈေးနဲ့ စံနှုန်းသတ်မှတ်ချက်ကြားကွဲပြားမှုတွေဖြစ်စေ တယ်လို့ အိမ်ခြံမြေအကျိုးဆောင်အချို့ကဆိုပါတယ်။
ဧကအလိုက်စံနှုန်းသတ်မှတ်တဲ့စနစ်ဟာ အရောင်းအ၀ယ်ဈေးကွက်သဘောနဲပ မကိုက်ညီလို့ အခုနှစ် စံနှုန်ထုတ်ပြန်ရာမှာ နေရာအနေအထားအလိုက် တစ်စတုရန်းပေနှုန်းနဲ့ သတ်မှတ်ပေးစေချင်တယ်လို့ အကျိုးဆောင်အဖွဲ့က ပြောပါတယ်။
အိမ်ခြံမြေစံနှုန်း သတ်မှတ်ချက် ထုတ်ပြန်ရာမှာ ဈေးကွက်ပေါက်ဈေးအတိုင်းဖြစ်စေဖို့နဲ့ ဈေးကွက်နဲ့ကိုက်ညီမယ့်စနစ်မျိုးသတ်မှတ်ထုတ်ပြန်ပေးဖို့ မန္တလေးတိုင်းအစိုးရအဖွဲ့ကို မန္တလေး တိုင်းအိမ်ခြံမြေကိုယ်စားလှယ်များဖွံ့ဖြိုးတိုးတက်ရေးအသင်းက အကြံပြုတင်ပြထားတယ်လို့ သိရပါတယ်။
Credit: The Modern