တရုတ်ပြည်မကြီးအခြေစိုက် အန်ဘန်အာမခံကုမ္ပဏီသည် အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ဆက်တိုက်ပြုလုပ်လာလျက်ရှိရာ ယခုအခါ အမေရိကကုမ္ပဏီကြီးဖြစ်သော ဘလက်စတုန်းထံမှ နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့တော်ရှိ ဟိုတယ်တစ်လုံးကို ပေါင် သန်း ၃၅၀ (ကန်ဒေါ်လာ ၃၉၁ ဒသမ ၆ သန်း) ဖြင့် ဝယ်ယူလိုက်ကြောင်း နယ်သာလန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။
နယူးယောက်အခြေစိုက် ဘလက်စတုန်းထံမှ ယခုနောက်ဆုံးဝယ်ယူလိုက်မှုမှာ အန်ဘန်၏ နောက်ဆုံးပြည်ပရင်းနှီးမြှုပ်နှံမှု ခြေလှမ်း ဖြစ်သည်။
အန်ဘန်သည် ၃ နှစ်တာကာလအတွင်း ပြည်ပအိမ်ခြံမြေလောကတွင် ကန်ဒေါ်လာ ၉ ဘီလီယံဖိုးကျော် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထား ခဲ့ပြီး ဖြစ်သည်။
ဟိုတယ်အမည်မှာ DoubleTree ဖြစ်ပြီး အမ်စတာဒမ်၏ ပင်မဘူတာရုံကြီးအနီးတွင် တည်ရှိကာ အခန်းပေါင်း ၅၅၇ ခန်း ပါဝင်သည်။
ဘလက်စတုန်းသည် ၂၀၁၁ ခုနှစ်အတွင်း Lloyds Banking Group ထံမှ ဟိုတယ် ၈ လုံးကို ကန်ဒေါ်လာ သန်း ၉၅၀ ဖြင့်ဝယ်ယူခဲ့ ရာတွင် DoubleTree ပါဝင်ခဲ့သည်။
အခြားဟိုတယ် ၇ လုံးမှာမူ ဗြိတိန်တွင် တည်ရှိသည်။
ဘလက်စတုန်းသည် Hilton Worldwide ဟိုတယ်အုပ်စုကို ထိန်းချုပ်ထားသည့် ကုမ္ပဏီဖြစ်သည်။
ပြည်မကြီးအခြေစိုက် အန်ဘန်ကို မော်တော်ကားအာမခံကုမ္ပဏီအဖြစ်၂၀၀၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မကြာသေးမီ နှစ်များအတွင်း ကမ္ဘာလုံးဆိုင်ရာ အိမ်ခြံမြေကဏ္ဍတွင် ကန်ဒေါ်လာ ၃၀ ဘီလီယံဖိုးခန့်အထိ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာသည်။
အန်ဘန်ဥက္ကဌ ဝူရှောက်ဟွေ၏ အဓိက ဦးတည်ချက်မှာ ဥရောပဖြစ်သည်ဟု ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)