အိမ်ခြံမြေအကျိုးဆောင်တို့သည် ဇွဲကောင်းသူများ၊ ဆုံးဖြတ်ချက်ခိုင်မာသူများ
ဟု အများအကြားတွင် နာမည်ကျော်ကြသည်။
တရုတ်နိုင်ငံရှိ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးမှာမူ အခြားသူတို့ထက် ဆုံးဖြတ်ချက်ပိုမိုခိုင်မာသူဟု ဆိုနိုင်၏။
ရှန်ဟိုင်းရှိ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်သူ မစ္စတာဝမ်သည် အိမ်ခြံမြေဝယ်ယူလိုသည့် အမျိုးသမီး ၄ ဦးကို အကူအညီပေးနိုင်ရန်
အတွက် လက်ထပ်ခဲ့ရာ အသက် ၇၀ အရွယ်အဘွားအိုတစ်ဦးပင် ပါဝင်သည်ဟု ဆိုသည်။
တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်သော မြို့ကြီးများတွင် အိမ်ခြံမြေဈေးနှုန်းတည်ငြိမ်မှုရှိစေရန်အတွက် အစိုးရက တင်းကျပ်သည့် စည်းမျဉ်းအမျိုးမျိုးကို မြို့ကြီးများအလိုက်ချမှတ်ထားရာ ယင်းစည်းမျဉ်းများ
ကို ကျော်ဖြတ်နိုင်ရန်အတွက် လက်ထပ်ခဲ့ခြင်းဖြစ်ပြီး
လက်ထပ်ပြီးနောက် ချက်ချင်းပင် ပြန်လည်ကွာရှင်းပေးခဲ့သည်ဟု
ဆိုသည်။
အိမ်ခြံမြေအကျိုးဆောင် မစ္စတာဝမ်သည် အသက် ၃၀ အရွယ်ခန့်ရှိပြီဖြစ်ပြီး အမျိုးသမီး ၄ ဦးအိမ်ခြံမြေဝယ်ယူရာတွင် တစ်ဦးစီထံမှ
ယွမ် ၇၀၀၀၀ (ကန်ဒေါ်လာ ၁၀၁၆၇ ခန့် ) ရရှိခဲ့သည်။
တရုတ်ဥပဒေအရ ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသော ဒေသများတွင် နေထိုင်သူတို့အနေဖြင့် ကမ်းရိုးတန်းမြို့ကြီးများတွင်
အိမ်ခြံမြေဝယ်ယူခွင့် မရှိချေ။
ရှန်ဟိုင်းတွင်ဆိုလျှင် ဝယ်လက်တစ်ဦးအနေဖြင့် အိမ်ခြံမြေမဝယ်ယူမီတွင် ရှန်ဟိုင်းမြို့၌ ငါးနှစ်ကြာအခွန်ဆောင်ရန် လိုအပ်သည် (သို့မဟုတ်) တရားဝင်ဒေသခံတစ်ဦးနှင့် လက်ထပ်ထားသူဖြစ်ရမည်ဟု ဆိုသည်။
ယင်းစည်းမျဉ်းမှာ အိမ်ခြံမြေအကျိုးဆောင် မစ္စတာဝမ်အတွက်
ဖြတ်ကျော်ရန် မခက်ခဲလှသော စည်းမျဉ်း ဖြစ်၏။
အိမ်ခြံမြေအရောင်းအဝယ်အတွက် စာရွက်စာတမ်းကိစ္စများ ပြီးစီးသည်နှင့်တပြိုင်နက် မစ္စတာဝမ်က ကွာရှင်းခွင့်လျှောက်ထားပြီး အိမ်ခြံမြေဈေးကွက်သို့ ပြန်လည်ရောက်ရှိသွားပြန်လေသည်။
ယင်းသို့လုပ်ဆောင်ခြင်းမှာ နှစ်ဦးနှစ်ဘက်အကျိုးရှိသည်ဟု ဆိုနိုင်သော်လည်း ဝယ်လက်အတွက်မူ အန္တရာယ်ကြုံရနိုင်သည့် အလားအလာရှိကြောင်းလည်း Global Time သတင်းစာက သုံးသပ်သည်။
“ကွာရှင်းပြတ်စဲမှု အပြီးသတ်မပြီးစီးမီမှာ မစ္စတာဝမ်ဟာ အိမ်ခြံမြေတန်ဖိုးရဲ့ ထက်ဝက်ကို တရားဝင်ပိုင်ဆိုင်ခွင့်ရှိနေမှာဖြစ်ပါတယ်” ဟု သုံးသပ်၏။
တရုတ်နိုင်ငံတွင် အိမ်ခြံမြေဈေးကွက်တည်ငြိမ်ရေးအတွက် ဥပဒေများတင်းကျပ်လာပြီးနောက် ဟန်ဆောင်လက်ထပ်ခြင်း၊ ဟန်ဆောင်ကွာရှင်းခြင်းများ များစွာပေါ်ပေါက်လာခဲ့သည်။
ဟန်ဆောင်ကွာရှင်းခြင်းနှင့် စပ်လျဉ်း၍ iMyanmarHouse.com တွင် ရေးသားဖော်ပြခဲ့ပြီးဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက
(၁) http://www.imyanmarhouse.com/news/read/586381
(၂) http://www.imyanmarhouse.com/news/read/590886
အင်တာနက်လင့်ခ်များတွင် ဖတ်ရှုနိုင်ပါသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)