ဗြိတိန်နိုင်ငံတွင် အခြေခံအဆောက်အအုံများ တည်ဆောက်ရေးအတွက် ကာတာက လာမည့် ၃ နှစ်မှ ၅ နှစ်အတွင်း ပေါင် ၅ ဘီလီယံ
(ကန်ဒေါ်လာ ၆ ဒသမ ၂၄ ဘီလီယံ) သုံးစွဲသွားရန် စီစဉ်လျက်ရှိကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်
တစ်ခုတွင် ဖော်ပြသည်။
ဥရောပသမဂ္ဂမှ ဗြိတိန်နှုတ်ထွက်ရေးအပြီးသတ်လုပ်ငန်းစဉ်များကြောင့် မရေရာမှုများ ပေါ်ပေါက်နေချိန်တွင် ဗြိတိန်အပေါ်ထားရှိသည့်
ကာတာ၏ ကတိကဝတ်ကို အခိုင်အမာပြသလိုက်ခြင်းလည်း ဖြစ်သည်။
ကာတာက ရင်းနှီးမြှုပ်နှံသွားမည့် အခြေခံအဆောက်အအုံများတွင် အဓိကအားဖြင့် အိမ်ခြံမြေနှင့် စွမ်းအင်ကဏ္ဍတွင်ဖြစ်ကြောင်း ကာတာဝန်ကြီးချုပ်က ပြောကြားသည်။
“ကာတာဟာ ဗြိတိန်မှာ အရင်ကတည်းက ထိပ်တန်းရင်းနှီးမြှုပ်နှံသူ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံတစ်ဝန်းမှာ ပေါင် ၄၀ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားပြီးဖြစ်ပါတယ်” ဟု ကာတာဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီး ရှိတ် အဗ္ဗဒူလာ ဘင်နာဆာဘင်ခါလီဖာအယ်လ်သာနီက
ပြောကြားသည်။
လန်ဒန်တွင် ကျင်းပခဲ့သော ကာတာ-ဗြိတိန်စီးပွားရေးရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး ဗြိတိန်နှင့် ကာတာစီးပွားရေး လုပ်ငန်းရှင်များ၊ ထိပ်တန်းနိုင်ငံရေးသမားများ ၄၀၀ ဦးကျော် တက်ရောက်ခဲ့သည်။
ကာတာဘဏ္ဍာရေးဝန်ကြီး အလီရှာရစ် အယ်လ်
အီမာဒီက ဗြိတိန်စီးပွားရေးအနာဂတ်ကို အကောင်းမြင်ပြီး
ဥရောပသမဂ္ဂမှ နှုတ်ထွက်ခြင်းအတွက် စိတ်မပူမိကြောင်းလည်း ပြောကြားသည်။
“ယနေ့တိုင်အောင် ဗြိတိန်ဟာ ကာတာနိုင်ငံပိုင်နဲ့ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူတွေရဲ့ ပထမဆုံးနဲ့ အကြီးမားဆုံးရင်းနှီးမြှုပ်နှံရာဒေသ ဖြစ်နေဆဲပါပဲ” ဟု အီမာဒီက ပြောကြားသည်။
ကာတာသည် ၂၀၁၂ ခုနှစ် ဗြိတိန်အိုလံပစ်ပြီးဆုံးသွားပြီးနောက် အိုလံပစ်ကျေးရွာကို ဝယ်ယူခဲ့သေးသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)