ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် အကြီးဆုံးနှင့် ချမ်းသာကြွယ်ဝမှု၊၊ ဖွံ့ဖြိုးတိုးတက်မှု အများဆုံးမြို့ကြီးငါးမြို့တွင်အပါအဝင်ဖြစ်၍ ပေကျင်း၊ ရှန်ဟိုင်းနှင့် ကွမ်ကျိုးမြို့တို့ပြီးလျှင် စတုတ္ထလိုက်သည့် ရှန်းကျန့်(အချို့ကလည်း ရှင်းကျင့်ဟု အသံ ထွက်သည်) (Shenzhen)မြို့ကြီးသည် များမကြာမီကာလက တံငါရွာလေးတစ်ရွာ သာဖြစ်ခဲ့ပါသည်။
ကွမ်တုံပြည်နယ်၏ ဒုတိယမြို့တော်ဖြစ်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက် သည့် ရှန်းကျန့်မြို့သည် ကွမ်တုံပြည်နယ်တောင်ပိုင်း၊ တောင်တရုတ်ပင်လယ်သို့ စီး ဆင်းသည့် ပုလဲ(Pearl)မြစ်ဝတွင် ဟောင်ကောင်မြို့အနီး၌ တည်ရှိပါသည်။ ယခင်က ပင်လယ်ကမ်းရိုးတန်း တံငါရွာလေးသာဖြစ်ခဲ့၍ ၁၉၇၉ ခုနှစ်တွင် လူ ၃၀၀၀၀ နေထိုင်သည့်မြို့ငယ်မှ မြို့ကြီးအဆင့်သတ်မှတ်ခြင်းခံခဲ့ရသည်။
ထိုအချိန်က တရုတ်နိုင်ငံ၏ခေါင်းဆောင် တိန့်ရှောင်ဖိန် (Deng Xiaoping)
၏ အမြော်အမြင်ကြီးမားမှုနှင့် မှန်ကန် သည့်ဆုံးဖြတ်ချက်များဖြင့် တရုတ်နိုင်ငံသည် ၁၉၇၈ ခုနှစ်မှစ၍ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဈေးကွက်စီးပွားရေးစနစ်တို့ကို ပီပြင်စွာစတင်အကောင်အထည်ဖော်ရန်ကြိုး ပမ်းခဲ့ကြပြီး ၁၉၈၀ ပြည့်နှစ်တွင် တရုတ်ပြည်၏ပထမဆုံးအထူးစီးပွားရေးဇုန်(Special Economic Zone)ကို ရှန်းကျန့်မြို့၌ စတင်တည်ထောင်ခဲ့ကြသည်။
ယင်းနောက် နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှုများနှင့်အတူ ထိုအထူးစီးပွားရေးဇုန်နှင့်အခြားဇုန်များလည်း အသီးသီးလျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာခဲ့ပြီးနောက် တရုတ်နိုင်ငံ၏စီးပွားရေးသည်လည်း တစ်ဟုန်ထိုးတိုးတက်လာခဲ့ရာ ယခုအခါကမ္ဘာပေါ်တွင် အမေရိကန်နိုင်ငံကိုကျော်တက် တော့မည့် ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်လာခဲ့သည်။
ရှန်းကျန့်မြို့သည်လည်း စီးပွားရေးနှင့်နည်းပညာတို့တွင် တစ်ဟုန်
ထိုးဖွံ့ဖြိုးတိုး တက်လာခဲ့ရာ ယခုအခါ အမြဲတမ်းနေထိုင်သူဦးရေ ၁၉ သန်းကျော်ရှိသည့် စီးပွားရေး မြို့တော်ကြီးဖြစ်လာခဲ့သည်။ ယင်းဦးရေအနက် ဒေသခံမှာအနည်းငယ်သာဖြစ်၍ ၈၀ ရာခိုင်နှုန်းက အခြားဒေသမှလာရောက်အခြေချနေထိုင်ကာ စီးပွားရေးလုပ်ကိုင်ကြခြင်း ဖြစ်သဖြင့် တိုင်းရင်းသားမျိုးစုံနှင့်စကားပြောပုံစံမျိုးစုံကို စာရေးသူမြင်တွေ့ခဲ့ရပါသည်။
တရုတ်နိုင်ငံ၏ စီးပွားရေးဗဟိုချက်ဖြစ်လာသည့် ယင်းမြို့သည်
၁၉၉၀ ပြည့်လွန်နှင့် ၂၀၀၀ ပြည့်လွန်နှစ်များအတွင်း ကမ္ဘာပေါ်၌ဖွံ့ဖြိုးတိုးတက်မှုအမြန်ဆုံးမြို့များတွင် အပါအဝင် ဖြစ်ခဲ့သည်။ ဟောင်ကောင်ကျွန်း၏ နယ်မြေသစ်များဖြစ်သည့် ကုန်းတွင်းဒေသကောင်းလုံကျွန်းဆွယ်နှင့် ရေလက်ကြားလေးတစ်ခုသာခြားသည့် ရှန်းကျန့် မြို့သည် ဟောင်ကောင်နှင့်အပြိုင်တိုးတက်လာခဲ့၍ ၂၀၁၆ ခုနှစ်တွင် GDP (Gross Domestic Product) ထုတ်ကုန်ပမာဏစုစုပေါင်း ဒေါ်လာ ၂၉၄ ဘီလျံ(၁ ဘီလျံ = သန်း ၁၀၀၀) ရှိပြီး ယင်းပမာဏမှာ တရုတ်တစ်နိုင်ငံလုံး
GDP ၏ ၁၀ ပုံ ၁ ပုံနီးပါးရှိကာ ပေါ်တူဂီ၊ အိုင် ယာလန်၊ ဗီယက်နမ်စသည့်နိုင်ငံများ၏တစ်နိုင်ငံစီထုတ်လုပ်သည့် GDP ပမာဏထက် ပိုများကြောင်း သိရသည်။
အထူးသဖြင့် ၁၉၈၁ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အတွင်း လွန်စွာ ဖွံ့ဖြိုးတိုးတက်ခဲ့ရာ နှစ်စဉ် GDP ဖွံ့ဖြိုးတိုးတက်မှုမှာ ၄၀ ရာခိုင်နှုန်းအထိပင်ဖြစ်ခဲ့သည်။ ယခင်အမည် Shum Chun မှ Shenzhen ဟု ၁၉၇၉ ခုနှစ်တွင် အမည်ပြောင်းခဲ့ပြီး နောက် ၁၉၉၀ ပြည့်လွန်နှစ်များတွင် ဆောက်လုပ်ရေးလုပ်ငန်းများကို တွန်းအားပေး ဆောင်ရွက်ခဲ့ရာ တစ်နေ့လျှင် အထပ်မြင့်တိုက်တစ်လုံးနှုန်းစတင်တည်ဆောက်၍ ဆောက် လက်စတိုက်များကိုလည်း သုံးရက်လျှင် တစ်လွှာ(တစ်ထပ်)နှုန်းဖြင့် ပြီးစီးအောင် ဆောက်လုပ်ခဲ့ပြီး သုံးရက်လျှင်မြို့ တွင်းလမ်းမကျယ်တစ်လမ်းနှုန်းဖောက်လုပ်ခဲ့ကြောင်း သိရသည်။
ယခုအခါ မီတာ ၂၀၀ (၆၅၆ ပေ)ထက်မြင့်သည့် မိုးမျှော်တိုက် ၆၀ ခန့်နှင့် မီတာ ၃၀၀ (၉၈၄ ပေ)ထက်မြင့်သည့် မိုးမျှော်တိုက် ၁၀ လုံးခန့်ရှိသည့် မဟာမြို့တော် (Mega City)တစ်မြို့ဖြစ်လာခဲ့ရာ ၁၁၅ ထပ်ရှိ၍ ၁၉၆၉ ပေမြင့်သည့် Ping An ကုန်သွယ်မှုဗဟိုဌာန၊ အထပ် ၁၀၀ နှင့် ပေ ၁၄၅၀ ခန့်မြင့်သည့် Kingkey 100 ကုန် သွယ်မှုအဆောက်အအုံနှင့် ၁၂၆၀ ပေမြင့်သည့် Diwang အဆောက်အအုံတို့မှာ ထင်ရှားသည့် အဆောက်အအုံများဖြစ်ကြသည် ။
Credit: Pyi Myanmar