အမေရိကန်ဒုံးခွင်းဒုံးကာကွယ်ရေးစနစ်အား တပ်ဖြန့်ချထားမှုနှင့်ပတ်သက်၍ တောင်ကိုရီးယားနှင့် တရုတ်အကြား အငြင်းပွားမှုက တောင်ကိုရီးယားနိုင်ငံသားတို့၏ မနှစ်သက်ဆုံးနိုင်ငံစာရင်းတွင် တရုတ်အား ၎င်းတို့၏ ကိုလိုနီနယ်ချဲ့ဟောင်း ဂျပန်ကိုပင် သာလွန်စေခဲ့သည်။
မြောက်ကိုရီးယားပြီးလျှင် ဂျပန်သည် တောင်ကိုရီးယားနိုင်ငံသားတို့၏ မနှစ်သက်ဆုံးနိုင်ငံအဖြစ် ကာလရှည်ကြာစွာ ရပ်တည်လာခဲ့ခြင်းဖြစ်သည်။ ဂျပန်၏ ဒုတိယကမ္ဘာစစ်အတွင်း
ဂျပန်ကာကွယ်ရေးတပ်ဖွဲ့ဝင် (စစ်သား) များအတွက် လိင်ကျွန်အဖြစ် ကိုရီးယားအမျိုးသမီး ၂ သိန်းခန့်ကို အဓမ္မခေါ်ဆောင်သွတ်သွင်းခဲ့မှုအပါအ၀င် ရုတ်ရင်းကြမ်းကြုတ်ရက်စက်ခဲ့မှု
များနှင့်ပတ်သက်၍ မကျေနပ်မှုများကြောင့် အဓိကဖြစ်သည်။
သို့သော် ယခုအခါ အမေရိကန်၏ အမေရိကန်ဒုံးခွင်းဒုံးကာကွယ်ရေးစနစ်အား တောင်ကိုရီးယားတွင် တပ်ဖြန့်ချထားမှုနှင့်ပတ်သက်၍ မကျေနပ်သဖြင့် တရုတ်က တောင်ကိုရီးယားအား စီးပွားရေးလက်တုံ့ပြန်မှုအဖြစ် ရှုမြင်ရသည့် စီမံချက်များစွာကို
ပြုလုပ်လာသည်။ တရုတ်နိုင်ငံရှိ တောင်ကိုရီးယားလက်လီအရောင်းဆိုင်ဒါဇင်နှင့်ချီကို
ပိတ်စေခဲ့ပြီး တရုတ်ခရီးသွားများအား တောင်ကိုရီးယားသို့ သွားရောက်မလည်ပတ်ကြ
ရန် တားမြစ်ထားသည်။
တောင်ကိုရီးယားမြို့တော် ဆိုးလ်အခြေစိုက် ကိုရီးယားထိပ်တန်း လွတ်လပ်သောမူဝါဒအကြံပေးအဖွဲ့ဖြစ်သည့် အာဆန်မူဝါဒလေ့လာရေးအဖွဲ့၏ တောင်ကိုရီးယားနိုင်ငံသား
တို့၏ အနှစ်သက်ဆုံးနိုင်ငံစာရင်းအား ကောက်ယူသည့် လူထုသဘောထားစစ်တမ်း
တစ်ရပ်တွင် တရုတ်သည် ယခုနှစ် ဇန်န၀ါရီလ၌ အမှတ် ၄ ဒသမ
၃၁ ရှိခဲ့ရာမှ မတ်လတွင်
၃ ဒသမ ၂၁ သို့ ကျဆင်းခဲ့ခြင်းဖြစ်သည်။
ဒုံးခွင်းဒုံးစနစ်ကိစ္စနှင့်ပတ်သက်၍ တရုတ်၏ တုံ့ပြန်မှုကြောင့် ၎င်းစာရင်းတွင် တရုတ်၏ အမှတ်ကျဆင်းမည်ဟု ကြိုတင်ခန့်မှန်းထားခဲ့ပြီးဖြစ်သော်လည်း ယခုကဲ့သို့ သိသိသာသာ
ကျဆင်းခြင်းသည် အံ့အားသင့်စရာဖြစ်ကြောင်း အာဆန်က မတ် ၂၀ တွင် ထုတ်ပြန်ခဲ့သည့် ယင်းစာရင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ဂျပန်သည်လည်း ကိုရီးယားအမျိုးသမီးများအား လိင်ကျွန်ပြုခဲ့မှုကိစ္စနှင့်ပတ်သက်၍ သံတမန်ရေးရာအငြင်းပွားမှုများကြောင့် ထိုစာရင်းတွင် အမှတ် ၃ ဒသမ ၅၆ မှ ၃ ဒသမ ၃၃ သို့ ကျဆင်းခဲ့သည်။
ထို့ကြောင့် ပို၍အံအားသင့်စရာမှာ တောင်ကိုရီးယားတို့က တရုတ်
(၃ ဒသမ ၂၁) ထက်ပင် ဂျပန် (၃ ဒသမ ၃၃) ကို ပိုမိုကြိုက်နှစ်သက်ကြသည့် အချက်ဖြစ်ကြောင်းနှင့် မြောက်ကိုရီးယားပြီးလျှင် ဂျပန်သည် တောင်ကိုရီးယားနိုင်ငံသားတို့၏ မနှစ်သက်ဆုံးနိုင်ငံ
အဖြစ် ကာလရှည်ကြာစွာ ရပ်တည်လာခဲ့ခြင်းဖြစ်ကြောင်း အာဆန်က ထုတ်ပြန်ခဲ့သည်။
၎င်းစာရင်းကို အာဆန်က ယခု မတ်လ ၆ ရက်မှ ၈ ရက်အကြား အရွယ်ရောက်ပြီးသူ ၁ ထောင်အား မေးမြန်းစစ်တမ်းကောက်ယူ၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com