သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ ကဇာတ်ရုံကြီးတစ်ခုကို သြစတေးလျဒေါ်လာ ၁ ဒသမ ၇ သန်းဖြင့် ရောင်းချမည်ဖြစ်ပြီး ကဇာတ်ရုံအတွင်း နေထိုင်လျက်ရှိသော သရဲမတစ်ကောင်လည်း အပါအဝင်ဖြစ်ကြောင်း သြစတေးလျအခြေစိုက် အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ကဇာတ်ရုံအမည်မှာ Regent Theatre ဖြစ်ပြီး ယင်းကဇာတ်ရုံနောက်ဆုံးဈေးကွက်တင်ခဲ့သည်မှာ လွန်ခဲ့သည့်
နှစ်ပေါင်း ၃၀ ခန့်က ဖြစ်သည်။
အဆောက်အအုံတည်နေရာမှာ ဆစ်ဒနီမြို့၊ ဝင်ဆာလမ်း၊ အမှတ် ၁၄၅ တွင် တည်ရှိသည်။
ယင်းကဇာတ်ရုံ လည်ပတ်လုပ်ကိုင်နေသည်မှာ နှစ်ပေါင်း ၈၀ ကျော်ရှိခဲ့ပြီဖြစ်ပြီး ကဇာတ်ရုံတွင် အလုပ်လုပ်ခဲ့ဖူးသူများနှင့် သွားရောက်ကြည့်ရှုခဲ့ဖူးသူတို့၏ ပြောကြားချက်အရ သရဲရှိသည်ဟု အတည်ပြုခဲ့ကြသည်။
ကဇာတ်ရုံ၏ လှေကားတွင် သရဲတစ်ကောင်အခြေချနေထိုင်ကျက်စားလျက်ရှိသည်ဟူသော ပြောကြားချက်များစွာရှိနေပြီး သရဲမှာ အမျိုးသမီးဖြစ်ပြီး ၁၉၃၀ ပြည့်လွန်နှစ်များအတွင်း သေဆုံးသွားခဲ့သူဖြစ်သည်ဟု ဆိုသည်။
ကဇာတ်ရုံကို အရောင်းဈေးကွက်တင်သည်မှာ Matrix Property Group မှ
ဖြစ်သည်။
“ဒီကဇာတ်ရုံအပေါ် ဝယ်လက်တွေ စိတ်ဝင်စားမှု မြင့်မားကြမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ဒါမျိုးက ဈေးကွက်မှာ အမြဲမရနိုင်ပါဘူး” ဟု Matrix Property Group မှ ဂျွန်ချန်ဆယ်လာက ပြောကြားသည်။
“ဒါက ပုံမှန်မဟုတ်တဲ့ အိမ်ခြံမြေအမျိုးအစားဖြစ်ပြီး ရုပ်ရှင်လုပ်ငန်းနဲ့ ဆက်နွှယ်တဲ့သူ၊ ရုပ်ရှင်ချစ်မြတ်နိုးသူတစ်ဦးဦးက စိတ်ဝင်စားမယ်လို့ ယူဆပါတယ်” ဟုလည်း ချန်ဆယ်လာက ဆိုသည်။
Regent Theatre ကဇာတ်ရုံကို ဦးစွာပိုင်ဆိုင်ခဲ့သူမှာ မိုက်ကယ်ဝဲ့ရှ်ဖြစ်ပြီး ၁၉၃၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။
မိုက်ကယ်ဝဲ့ရှ်၏ သမီးများက ၁၉၄၈ ခုနှစ်တွင် အမွေဆက်ခံရယူခဲ့ပြီး ၁၉၇၆ ခုနှစ်အထိ လုပ်ငန်းလည်ပတ်ခဲ့သည်။
ယင်းနောက်ပိုင်း ရုပ်သံတင်ဆက်သူ မိုက်ခ်ဝဲ့ရှ်ကို ရောင်းချခဲ့သည်။
မိုက်ခ်ဝဲ့ရှ်၏ ရှေ့အမည်မှာ ရောင်းချသည့်ပိုင်ရှင်များနှင့်တူညီနေသော်လည်း ၎င်းတို့အကြား သွေးသားဆက်နွှယ်မှု မရှိချေ။
မစ္စတာဝဲ့ရှ်က ကဇာတ်ရုံကို ပြန်လည်မွမ်းမံခဲ့ကာ ရုပ်ရှင်ပြသခြင်းနှင့် ကဇာတ်တင်ဆက်ခြင်းတို့ နှစ်မျိုးလုံးအတွက် အသုံးပြုခဲ့သည်။
၁၉၈၉ ခုနှစ်တွင် လက်ရှိပိုင်ရှင် ဂျွန်လဲဗီကို ရောင်းချခဲ့ခြင်းဖြစ်ပြီး ဂျွန်လဲဗီက အမြွှာရုပ်ရှင်ရုံအဖြစ် ပြောင်းလဲတည်ဆောက်ကာ ၁၉၉၃ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။
အိမ်ခြံမြေဈေးကွက်မှတ်တမ်းများအရ မစ္စတာလဲဗီသည် ယင်းကဇာတ်ရုံကို သြစတေးလျဒေါ်လာ ၇၀၀၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အကယ်၍ ခေါ်ဈေးဖြင့်သာ ရောင်းထွက်မည်ဆိုပါက ဒေါ်လာ တစ်သန်း မြတ်စွန်းမည် ဖြစ်လေသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)