ဂျပန်နိုင်ငံ၊ အိုဆာကာရှိ ကျောင်းအုပ်ကြီးတစ်ဦးက ကျောင်းဆောက်မည့် မြေကွက်ဝယ်ယူရန်အတွက် ဝန်ကြီးချုပ်၏ မိသားစုအပါအဝင် နိုင်ငံရေးသမားများကို ချဉ်းကပ်ခဲ့ကြောင်း ဂျပန်လွှတ်တော်တွင် ကျမ်းကျိန်ထွက်ဆိုခဲ့သည်ဟု စီအင်န်အင်န်သတင်းတစ်ရပ်တွင် ဖော်ပြသည်။
ကျောင်းအုပ်ကြီး ယာဆူနိုရီ ကာဂွိုင်ကီသည် အဆိုပါနိုင်ငံပိုင် မြေကွက်ဝယ်ယူရာတွင် အမှန်တကယ်ပေါက်ဈေးအောက် ၇ ပုံတစ်ပုံသာ ပေးခဲ့ရကြောင်း အရောင်းအဝယ်စာချုပ်တွင် ဖော်ပြထားသည်။
ထို့အပြင် အမှိုက်များ စွန့်ပစ်ရန်အတွက် ကန်ဒေါ်လာ ၇ သန်းကျော်ပမာဏ လျှော့ချပေးခဲ့ခြင်းမှာလည်း ဂျပန်နိုင်ငံတစ်ဝန်း များစွာ အံ့အားသင့်ခဲ့ကြရသည်ဟု ဆိုသည်။
ဂျပန်ဝန်ကြီးချုပ်၏ ဇနီးဖြစ်သူ အေကီအာဘေးသည် စာအိတ်တစ်အိတ်အတွင်းတွင် ယန်းငွေတစ်သန်းထည့်ကာ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအမည်ရေးသားကာ လှူဒါန်းခဲ့ကြောင်းလည်း
ကျောင်းအုပ်ကြီးက ထွက်ဆိုခဲ့သည်။
ယခုမြေကွက်အရောင်းအဝယ်မသမာမှုသတင်းပေါ်ပေါက်ပြီးနောက် ရှင်ဇိုအာဘေးအပေါ်ထောက်ခံမှု ညွှန်းကိန်းနှင့်
ဂျပန်ရှယ်ယာဈေးနှုန်းများ ထိုးကျသွားခဲ့သည်။
ကျောင်းအုပ်ကြီး ယာဆူနိုရီက သတင်းထောက်များနှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ကျောင်းဆောက်မည့် မြေကွက် အရောင်းအဝယ်တွင် ရှင်ဇိုအာဘေးနှင့်လက်တွဲလုပ်ကိုင်နေသူများ၊ အထူးသဖြင့် မြေကွက်ရောင်းချပေးသည့် ဘဏ္ဍာရေးဝန်ကြီးဌာန ရှိပုဂ္ဂိုလ်များက အရောင်းအဝယ်အတွက် အကူအညီပေးခဲ့ကြသည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ယာဆူနိုရီက ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ နာမည်ကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိချေ။
ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက မြေကွက်ရောင်းချမှုတွင် ပတ်သက်မှုရှိသည်ဟူသည့်စွပ်စွဲချက်ကို ပယ်ချလိုက်ပြီး သက်သေပြနိုင်ပါက ရာထူးမှ နှုတ်ထွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။
“ဒီစာသင်ကျောင်းက ဘာတွေလုပ်နေတယ်ဆိုတာ ကျွန်တော်နားမလည်နိုင်ပါဘူး”ဟု ရှင်ဇိုအာဘေးက ပါလီမန်တွင် ပြောကြားခဲ့သည်။
ယိုမီယူရီ ရှင်ဘွန်းသတင်းစာကပြုလုပ်ခဲ့သော စစ်တမ်းအရ ယခုမြေကွက်အရောင်းအဝယ်ကြောင့် ရှင်ဇိုအာဘေးအပေါ်ထောက်ခံမှု
၁၀ ရာခိုင်နှုန်းကျဆင်းသွားသည်ဟု ဆိုသည်။
ရှင်ဇိုအာဘေး၏ဇနီးဖြစ်သူ အေကီအာဘေးသည်
အဆိုပါကျောင်းတွင် ဂုဏ်ထူးဆောင်ကျောင်းအုပ်ကြီးဖြစ်ပြီး
လွန်ခဲ့သောလကမှ နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အေကီ၏ ဓာတ်ပုံနှင့် ရာထူးအဆင့်ကို ကျောင်းဝက်ဘ်ဆိုက်တွင် ထားရှိခဲ့သော်လည်း နှုတ်ထွက်ပြီးနောက်ပိုင်း ဖယ်ရှားခဲ့သည်။
ရှင်ဇိုအာဘေးက ပါလီမန်တွင် ပြောကြားခဲ့ရာ၌ ဇနီးဖြစ်သူ နှုတ်ထွက်ရသည်မှာ အကြောင်းကြောင်းကြောင့်ဖြစ်သည်ဟုသာ ပြောကြားခဲ့ပြီး အသေးစိတ်ပြောကြားခဲ့ခြင်းကား မရှိချေ။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)