ထိုင်းနိုင်ငံတွင် နိုင်ငံခြားသား မြေဝယ်လက်များကို နှစ် ၅၀ အငှားချထားပေးရန်အတွက် အိမ်ခြံမြေဥပဒေပြင်ဆင်ပေးရန် ဘဏ္ဍာရေးဝန်ကြီးဌာနက သုံးသပ်လျက်ရှိကြောင်း ထိုင်းဘဏ္ဍာရေးဝန်ကြီး အပီဆက်ခ် တန်တီဗိုရာဝေါင်က ပြောကြားသည်ဟု
ဘန်ကောက်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
လက်ရှိအားဖြင့် ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများ မြေပိုင်ဆိုင်ခွင့်မရှိချေ။
နိုင်ငံခြားသားများအနေဖြင့် ကွန်ဒိုမီနီယံများသာ ဝယ်ယူခွင့်ရှိပြီး စီမံကိန်းတစ်ခုတွင် စုစုပေါင်း အခန်းပမာဏ၏ ၄၉ ရာခိုင်နှုန်းသာ ဝယ်ယူခွင့် ပြုထားသည်။
“အငှားချထားမှုဥပဒေကို ကျွန်တော်တို့ ပြင်ဆင်နိုင်ခဲ့မယ်ဆိုရင်တော့ နိုင်ငံခြားသားတွေအနေနဲ့ ထိုင်းနိုင်ငံက မြေယာတွေကို ကာလရှည် ငှားရမ်းနိုင်မှာဖြစ်ပြီး နှစ် ၅၀ နဲ့အထက် ဖြစ်ဖို့ရှိပါတယ်။ သူတို့အနေနဲ့ ပြန်လည်ရောင်းချခွင့်လည်း ရှိလာမှာပါ” ဟု အပီဆက်ခ်က ပြောကြားသည်။
အငှားသက်တမ်းကုန်ဆုံးပါက သက်ဆိုင်ရာအိမ်ခြံမြေသည် ထိုင်းတို့၏လက်တွင် ပိုင်ဆိုင်မှုပြန်လည်ကျရောက်မည်ဖြစ်ကြောင်းလည်း အပီဆက်က ပြောကြားသည်။
“ဖြစ်နိုင်ချေတွေကို ကျွန်တော်တို့လေ့လာနေပါတယ်။ ဒါကိုကျွန်တော်တို့လုပ်နိုင်ခဲ့ရင် ၁၉၉၇ နောက်ပိုင်း အိမ်ခြံမြေကဏ္ဍ အထွတ်အထိပ်ရောက်လာတာမျိုး နောက်တစ်ကြိမ်မြင်ခွင့်ကြုံရလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ဟုလည်း အပီဆက်က ဆက်လက်ပြောကြားသည်။
အိမ်ခြံမြေကဏ္ဍသည် ထိုင်းစီးပွားရေးတွင် အရေးပါသော ကဏ္ဍတစ်ခုဖြစ်ပြီး အခြားသောကဏ္ဍများဖြစ်သည့် ဆောက်လုပ်ရေးပစ္စည်း လုပ်ငန်းကဏ္ဍ၊ အိမ်တွင်းအလှဆင်လုပ်ငန်းဏ္ဍ၊ လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ဘဏ်လုပ်ငန်းအစရှိသော ကဏ္ဍများနှင့် ဆက်စပ်နေသည်။
“စီးပွားရေးကဏ္ဍကြီးတစ်ခုလုံး ပြိုဆင်းတော့မယ်ဆိုရင် အိမ်ခြံမြေကဏ္ဍက အမြဲတမ်းကြိုတင်ပြီး အရိပ်လက္ခဏာတွေ ပြသလေ့ရှိပါတယ်။ စီးပွားရေးတိုးတက်မယ်ဆိုရင်လည်း အိမ်ခြံမြေကဏ္ဍဟာအရင်ဆုံး ဈေးကွက်ကောင်းလာတဲ့ လက္ခဏာတွေ ပြသပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ ဒီဏ္ဍအပေါ် အလေးအနက်အာရုံထားတာဖြစ်ပါတယ်” ဟု အပီဆက်က ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)